Friday, February 28, 2014

ဒီမိုကရေစီအစိုးရကပေးတဲ့ တန်ဖိုးနည်းကျန်းမာရေးစောင့်ရှောက်မှု



---- သတင်းကောင်းတစ်ခုပါတယ်ဗျို့ ၊ မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံရဖို့ဆွေးနွေးနေတယ်ဆိုပဲ ၊ ကောင်းတာပေါ့ဗျာ ၊ ဆေးမရှိတဲ့ဆေးရုံမှာ အစစ အရာရာ ငွေပေးပြီးပြနေရတာတင်မကဘူး ကိုယ့်ဆေးနဲ့ကိုယ်သွားရတာထက်စာရင် ကျန်းမာရေးအာမခံရှိရင် လူထုအတွက်အဆင်ပြေနိုင်တယ်ပေါ့ ၊ ဒီလိုတွေးကြည့်တာပါ ၊ အထူးကုဆေးခန်းတွေမှာပြတော့ လူများတဲ့အပြင် တိုကင်ကစောင့်ရသေးတယ် ၊ ကိုယ့်အလှည့်ရောက်တော့ ဆရာဝန်ကိုတွေ့လို့ ကိုယ့်ရောဂါအကြောင်းပြောပြရမလားအောက်မေ့ပါတယ် ဆရာဝန်နားကြပ်စမ်းသပ်ဖို့ ဗိုက်ကအကျီင်္လှန်မယ်လို့လုပ်တုန်းရှိသေးတယ် နောက်လူနာက အခန်းတွင်းထဲရောက်နေပြီ ၊ သမားစဉ်ရှိတဲ့ဆရာဝန်ကိုစောင့်ပြရရင်ပိုဆိုးတာ ကြုံဖူးသူတိုင်းသိမှာပါ ၊ ဒီလိုဝေဖန်နေတာ ဆေးခန်းမြေပိုင်ရှင် ၊ ဆေးခန်းပိုင်ရှင် ၊ အစုစပ်ရှယ်ယာများနဲ့ လက်ရှိနာမည်ကြီးသမားတော်ဘဝရောက်အောင်ရင်းနှီးမြု့ပ်နှံခဲ့တဲ့ ဆရာဝန်တွေကို ကိုယ်ချင်းမစာလို့မဟုတ်ပါ ၊ မီဒီယာသမားက မီဒီယာအလုပ်ကိုလုပ်ရပါလိမ့်မယ် ၊ လွဲချော်မှုများ နဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို သင့်တင့်မျှတအောင်ယှဉ်တွဲတင်ပြသွားပါမယ် ။


---- ဆင်တစ်ကောင် ( ငွေ ၁ဝဝဝ ကျပ် ) လောက်နဲ့ လမ်းဘေးကကွမ်းယာဆိုင်မှာဖြေရှင်းလို့ရတဲ့ သာမန်ချောင်းဆိုး နှာစေး ခေါင်းကိုက် လောက်ဘဲဖြစ်ရင် ဘယ်မိဘပြည်သူမှ ဆေးရုံ ဆေးပေးခန်းမသွားကြပါဘူး ၊ ကိုယ့်ဆေးရာဇဝင် ( မရှိရင်မှတ်မိသလောက် ၊ ဒါမှမဟုတ်ရင် တတ်သလောက်မှတ်သလောက် ) ကိုလိုက်ပြီး စပ်ဆေးကုလိုက်ကြတာပါဘဲ ၊ နေသာထိုင်သာရှိသွားရင် နောက်တစ်ရက်အလုပ်တက် ဆေးဆက်သောက် ဒါနဲ့ပဲ တစ်ရက်ကုန်လွန်သွားပြန်ပါပြီ ၊ စပ်ဆေးမတိုးဘူးဆိုရင် အပျက်အပျက်ဇာတ်လမ်းက စလာပါပြီ ၊ နီးစပ်ရာဆေးခန်းနဲ့တင်ငွေကုန်တာမဟုတ်တော့ပဲ အထူးကုဆေးခန်းအထိ ငွေရောက်အောင်ပို့ရပါပြီ ၊ တွက်ကြည့်လေ ၊ တစ်ရက် လုပ်ခ ( ၂ဝဝဝ ) ရတဲ့ပြည်သူတစ်ယောက်ဟာ စပ်ဆေးအတွက် ပထမရက်နေ့စားခကုန်ပြီးသွားပါပြီ ၊ နောက်တစ်ရက်အလုပ်မတက်တော့ လုပ်ခမရ ၊ ဒီမှာတင်ငွေစချေးပြီဆိုတော့ အကြွေးသံသရာဇာတ်လမ်းတွဲစရိုက်ပြီပေါ့ဗျာ ၊ အထူးကုဆရာဝန်နာမည်ကြီးရင် ပိုက်ဆံလည်းကြီးပါတယ် ၊ လူနာဘာဖြစ်လဲသိရအောင် ဆေးစစ်ဖို့လိုတယ်ဆိုပြီး ဓါတ်ခွဲခန်းကိုဆေးစစ်စာရေးပေးလိုက်ပါတယ် ၊ လူနာကိုလက်နဲ့တောင်မထိရသေးဘူး ၊ နားကြပ်နဲ့လည်းမစမ်းရသေးပါဘူး ၊ ပေးပေတော့ စမ်းသပ်ခ ( ၃ဝဝဝ ) ၊ ဓါတ်ခွဲခန်းစစ်ချက်ထွက်လာရင်ပြန်လာပြဆိုပြီးချိန်းတဲ့အခါမှာ မတတ်နိုင်တဲ့လူနာဟာ ကိုယ့်ရောဂါကိုယ် ရင်ဝယ်ပိုက်ရင်း ထိုကဲ့သို့သော " အထူး " ကုဆေးခန်းများကိုကျောခိုင်းလာရပါတော့တယ် ။ 


---- အထက်ပါအကြောင်းအရာတွေကို ဂျာနယ် နဲ့ လူမှုကွန်ယက်တွေမှာတွေ့ရဖန်များလို့ စာရှုသူအပေါင်းလည်းသိပြီးသားဖြစ်နေကြပါပြီ ၊ အဓိကပြောပြချင်တာက အခြေခံလူတန်းစားကို ကိုယ်စားပြုတဲ့ကျန်းမာရေးအာမခံဥပဒေကို ပြည်သူ့လွှတ်တော်မှာဘယ်လိုရေးဆွဲမလဲဆိုတာကိုပါ ၊ စင်္ကာပူကိုမပြောပါဘူး ၊ ယိုးဒယားလောက်တောင်ဆေးကုဖို့လည်းမပြောသေးပါဘူး ၊ ကိုယ့်တိုင်းပြည်မှာတောင်ကိုယ်ကုဖို့မတတ်နိုင်တာ ဘယ်လိုလုပ်နိုင်ငံခြားတိုင်းပြည်ကိုငွေပေးပြီးကုနိုင်မှာလဲ ၊ အသံလွှင့်ဋ္ဌာနတစ်ခုရဲ့အင်တာဗျူးတစ်ခုမှာကြားလိုက်ရတာ ဧရာမြန်မာကုမ္ပဏီတာဝန်ခံ ဦးသန်းဇော်က သူ့ကိုလာစုံစမ်းတဲ့သူတွေက လစဉ်ပရ်ီမီယမ်တတ်နိုင်သူချည်းမို့လို့ ဒီအစီအစဉ်အောင်မြင်မယ်လို့ဆိုလိုက်ပါတယ် ၊ သူ့စကားသွားစကားလာအရ အလယ်အလတ်လူတန်းစားကိုဘဲ ပစ်မှတ်ထားပုံရပါတယ် ၊ နိုင်ငံလူဦးရေ ( ၇ဝ ) % သောအခြေခံလူထုကိုကိုယ်စားပြုဟန်မတူပါ ၊  တခြားနိုင်ငံတွေမှာရော ဒီလိုပုံစံ ဒီလိုစံနစ်ဘဲလားဆိုတာ အငြင်းပွားစရာရှိပါတယ် ၊ လစဉ်ကြေးပေးနိုင်သူကိုဘဲ ကုသခွင့်ရောင်းချတာ " စီးပွားရေး " ပါ ၊ လူတန်းစားအများစုကိုကုသခွင့်ပေးနိုင်တဲ့စံနစ်ရှိဖို့ အင်မတန်အရေးကြီးပါတယ် ၊ ဒီကုမ္ပဏီတွေဘက်ကကြည့်ရင် သူတို့က လစဉ်ကြေးမပေးနိုင်သူကို အိပ်စိုက်ငွေနဲ့ဘယ်ကုပေးနိုင်ပါ့မလဲ ၊ ဒီလို " အများကု " စံနစ်ကိုအကောင်အထည်ဖော်နိုင်ဖို့ အလုပ်ရှင်-Employer နဲ့ ပြည်နယ်အစိုးရ-State Government တို့ပူးပေါင်းပြီးဆောင်ရွက်ရင် တတ်နိုင်ပါတယ် ။




---- ဥပမာအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ အမျိုးမျိုးသောကျန်းမာရေးအာမခံ-Medical Care များကို အများနားလည်လွယ်အောင် ( ၃ ) မျိုးခွဲခြားနားလည်နိုင်ပါတယ် ၊ ( ၁ ) ဆေးရုံတွေမှာသွားပြရတဲ့အာမခံ ( ၂ ) ဆေးရုံ ဆေးခန်းမရှိတဲ့ကုမ္ပဏီတွေကရောင်းတဲ့အာမခံ ( ၃ ) နေထိုင်တဲ့ပြည်နယ်အစိုးရကပေးတဲ့ အာမခံ တို့ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့အချက်အလက်တွေကိုဆွေးနွေးသွားချင်ပါတယ် ။

( ၁ ) ဆေးရုံသွားပြရတဲ့အာမခံ
           အာမခံရောင်းတဲ့ကုမ္ပဏီကြီးကိုယ်တိုင်က ကိုယ်ပိုင်ဆေးရုံကြီး / ဆေးရုံခွဲတွေ အမေရိကန်နိုင်ငံအနှံ့ဖွင့်လှစ်ထားရှိတဲ့ပုံစံဖြစ်ပါတယ် ၊ အာမခံ-Health Insurance ဝယ်ယူထားသူဟာ တစ်ခုခုဖြစ်ရင် ကုမ္ပဏီရဲ့နီးစပ်ရာဆေးရုံမှာ သွားပြလိုက်ရုံပါ ၊ ပစ္စည်းပစ္စယစုံလင်ပြီး ခေတ်မီနည်းပညာနဲ့ကုသလို့ အလယ်အလတ်တန်းလူတန်းစားလက်လှမ်းမီတဲ့ အာမခံတစ်မျိုးဖြစ်ပါတယ် ၊ ပေးသွင်းရတဲ့လစဉ်ကြေးကို အလုပ်ရှင်ဆီကလုပ်ခရှင်းငွေဆီကကြိုတင်ခုနှိမ်တဲ့ပုံစံမျိုးနဲ့ငွေပေးသွင်းရတဲ့စံနစ်ပါ ၊ ဆရာဝန်တစ်ခါကြည့်ရင် အိပ်စိုက်ငွေ ( ၁ဝ ) ဒေါ်လာကနေ ( ၃ဝ ) ဒေါ်လာအထိပေးရပြီး အပ်ထရာဆောင်းရိုက် ၊ အဲလ်ခိုးရိုက် နဲ့သွေးစစ်တာမျိုးမှာလည်း ကုမ္ပဏီကကျခံပေးတာထက်ပိုကုန်ရင် မိမိအိပ်ထဲကထပ်ကုန်ရပါဦးမယ် ၊ လုပ်ပုံကိုင်ပုံ နဲ့ သန့်ရှင်းမှုကအစ ခေတ်မီစံနစ်တကျရှိတာကြောင့် အမေရိကန်တစ်နိုင်ငံလုံးမှာ လူသန်းပေါင်းများစွာက ဝယ်ယူထားကြတဲ့ အားကောင်းမောင်းသန်အာမခံဖြစ်ပါတယ် ၊ ဒီပုံစံကိုမြန်မာမှုပြုရရင် ဆေးရုံအုပ်စုကြီးတွေမရှိတဲ့မြန်မာနိုင်ငံမှာလုပ်ကိုင်ဖို့မလွယ်ကူပါဘူး ၊ ဖြစ်နိုင်ခြေအလွန်နည်းတဲ့ပုံစံဖြစ်ပါတယ် ။

( ၂ ) ဆေးရုံ ဆေးခန်းမရှိတဲ့ကုမ္ပဏီတွေကရောင်းတဲ့အာမခံ-PPO ( Preferred Provider Option )
          လူနာက ကိုယ်ပြချင်တဲ့ သမားတော် / ဆရာဝန်ကိုစိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ် ၊ နယ်မြေ-Network အတွင်းမှာရှိတဲ့ ဆရာဝန်ဆိုရင်ကြိုက်တာသွားပြ ပြခမပေးရပါဘူး ၊ နယ်မြေပြင်ပ-Out of Network က ဆရာဝန်ဆိုရင် တဆင့်ပင့်ပေးရတဲ့အတွက် ငွေပိုပေးရပါတယ် ၊ ဒီအာမခံက လစဉ်ကြေးဈေးအကြီးဆုံးပါဘဲ ၊ ဧရာမြန်မာ ကုမ္ပဏီကပြောတာ PPO စံနစ်ပါ ၊ ဥပမာ - မန္တလေးမှာ Insurance ဝယ်ထားတဲ့အသည်းရောဂါရှင်လူနာက ရန်ကုန်ရောက်တုန်း လမ်း ( ၃ဝ ) ဆေးခန်းမှာ ပါမောက္ခဒေါက်တာဦးခင်မောင်ဝင်း နဲ့ ဆေးခန်းပြချင်တယ်ဆိုရင် ကုမ္ပဏီက ခွင့်ပေးရမယ့်သဘောပါ ၊ ဆေးခန်းပြခ ၊ ဓါတ်ခွဲခန်းခ ၊ ဆေးဖိုး အားလုံးကို ကုမ္ပဏီကရှင်းပေးသွားမှာဖြစ်ပြီး လူနာရှင်က Out of Network သမားတော်ကိုရွေးတဲ့အတွက် စိုက်ငွေတစ်ချို့ကျခံရပါလိမ့်မယ် ၊ ဒီစံနစ်အရ လူချမ်းသာတွေအတွက်ကောင်းမွန်တဲ့အာမခံတစ်မျိုးဖြစ်နိုင်ပေမယ့် အခြေခံလူထုကို ကိုယ်စားမပြုပါဘူး ။  
( ၃ ) ပြည်နယ်အစိုးရကကျန်းမာရေးအာမခံ-State Medical Care   
          သတ်မှတ်ထားတဲ့ဝင်ငွေမရောက်ခင်အထိ အခြေခံလူတန်းစားအများစု အခမဲ့နီးပါးခံစားရရှိတဲ့ကျန်းမာရေးစောင့်ရှောက်မှုတစ်မျိုးဖြစ်ပါတယ် ၊ အလုပ်ရှင်ကုမ္ပဏီရဲ့နှစ်စဉ်ဝင်ငွေရှင်းတမ်း-W2 From ( မြန်မာလိုအမြတ်တော်ခွန်-ဝင်ငွေခွန်တင်သွင်းလွှာ ) တင်ပြဖို့လိုပါတယ် ၊ အမြဲတမ်းနေထိုင်ကြောင်းသက်သေခံ ( မိမိအိမ်သုံးမီတာခဆောင်တဲ့ဘေ ၊ အင်တာနက်ဘေ ) ၊ မှတ်ပုံတင်-ID ( ယျာဉ်မောင်းလိုင်စင် ) ၊ အလုပ်လုပ်ခွင့်ကဒ်ပြား-Social Security Number ( ဝန်ထမ်းကဒ် ) နဲ့ နောက်ဆုံးရဝင်ငွေချက်လက်မှတ်-Paycheck တို့ကိုတင်ပြပြီး ပြည်နယ်ကျန်းမာရေးရုံးကိုလျှောက်လွှာတင်ရပါတယ် ၊ လိုအပ်တဲ့စာရွက်စာတမ်းပြည့်စုံရင် ( ၂ ) လအတွင်းကျလာတတ်ပြီး ကျန်းမာရေး-Medical Check Up လုပ်နိုင်ပါပြီ ၊ တစ်ကြိမ်တည်းပေးရတဲ့ ( ၁ဝ ) ဒေါ်လာပြီးရင် ဘာငွေမှမတောင်းတော့ပါ ၊ အခမဲ့ဝန်ဆောင်မှုဖြစ်လို့ ဆရာဝန်ရက်ချိန်း-Appointment ဆို တစ်ခါပြရဖို့ ( ၁ ) လ ၊ ( ၂ ) လ စောင့်ရပါတယ် ၊ အရေးပေါ်-Emergency ဆိုရင်တော့ရက်ချိန်းမလိုပါ ဝင်တန်းစီပြီးပြလိုက်ရုံပါဘဲ ၊ နီးစပ်ရာအစိုးရပိုင် ( သို့ ) ခရိုင် / မြို့နယ်ပိုင်ဆေးခန်းငယ်တွေမှာမရှိတဲ့ အနုစိပ်စစ်ဆေးမှုတွေကိုတော့ ဝေးတဲ့ ပြည်နယ်ဆေးရုံတွေကို တကူးတက သွားရတာ ဒုက္ခတစ်ခုပါ ၊ အရေးပေါ် 911 ဖုန်းဆက်ခေါ်တဲ့လူနာတင်ကားကုန်ကျစားရိတ်ကိစ္စတွေကိုတော့ပြည်နယ်အာမခံက အကျုံးမဝင်-Covered မဖြစ်ပါဘူး ၊ ပြည်နယ်အာမခံအတွက် အလုပ်ရှင်က ဘာငွေမှစိုက်ပေးစရာမလိုပါဘူး ၊ အမေရိကန်အစိုးရက နှပ်တယ် ၊ အလုပ်လက်မဲ့ နဲ့ အလုပ်မလုပ်တဲ့သူတွေကို ကျန်းမာရေးအာမခံမပေးပါဘူး ။ ( နောက်ဆုံးထွက်ပေါ်လာတဲ့ “ အိုဘားမားခဲ ” လို့လူသိများတဲ့ တန်ဖိုးနည်းကျန်းမာရေးစောင့်ရှောက်မှုအာမခံ-Affordable Health Care ဟာ ပြည်နယ်မယ်ဒီခဲ နဲ့ အတော်ဆင်တူပြီး ကျန်းမာရေးအာမခံမရှိတဲ့ အမေရိကန်အောက်ခြေလူတန်းစားများကို သမ္မတအိုဘားမားက အဆိုပြုရေးဆွဲခဲ့တာဖြစ်ပါတယ် )




---- ကဲ ယခုစံနစ်ကိုမြန်မာမှုထပ်ပြုကြည့်ရအောင် ၊ တိုင်းဒေသကြီးတွေက ဒေသန္တရဆေးပေးခန်းများဟာ ပြည်နယ်အစိုးရကျန်းမာရေးအာမခံပြုလုပ်ပေးဖို့ကောင်းမွန်တဲ့အခြေခံအုတ်မြစ်တွေပါ ၊ အဆိုပါဆေးခန်းတွေမှာ ဆေးရှိတဲ့အခါ အခမဲ့ဆေးကုပေးတယ်ဆိုတဲ့ စံနစ်ဟောင်းရဲ့ဆိုးမွေက အစိုးရဘတ်ဂျက်ပြတ်လတ်တဲ့အခါ ဆေးမရှိတဲ့ဘဝကိုရောက်ကြရပါတယ် ၊ နောက်ပိုင်းမှာ ကာကွယ်ဆေးထိုးတဲ့ဆေးခန်းဘဝကို အချိန်ပိုင်းအတွင်းသက်ဆင်းကျရောက်ကြရပါတော့တယ် ၊ ကျန်းမာရေး နဲ့ ပညာရေးအသုံးစားရိတ်ကို အစိုးရဘတ်ဂျက်ရဲ့ ( ၁ဝ ) ရာခိုင်နှုန်းအောက်သုံးတဲ့အစိုးရရဲ့ပြည်သူများမှာ ကျန်းမာရေးအာမခံရရှိဖို့ အင်မတန်ခက်ခဲပါတယ် ။

---- မြန်မာအစိုးရအနေနဲ့တိုင်းဒေသအသီးသီးက ဒေသန္တရဆေးခန်းများမှဝန်ထမ်းများကို အခမဲ့ဆေးပေးခန်းအဖြစ်ကနေ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ ဆေးခန်းခွဲများအဖြစ်အသွင်ပြောင်းပေးသင့်ပါတယ် ၊ ထားရှိတဲ့ဝန်ထမ်းများကို ထိုက်တန်တဲ့လစာပေးပြီး ဆေးပစ္စည်းများကို လူနာက ငွေအနည်းငယ်ကျခံတဲ့စံနစ်နဲ့ ပြောင်းလဲအသက်သွင်းရန်လိုအပ်လှပါတယ် ၊ အခြေခံလူတန်းစားကိုကိုယ်စားပြုဖို့ဆိုရင် အစိုးရက ကောက်ခံရရှိတဲ့ အခွန်ငွေများကို ဒီနေရာမှာ ထိရောက်သေချာစွာသုံးဖို့အင်မတန်အရေးကြီးပါတယ်  ၊ ဒါတင်မကသေးပါဘူး လူတိုင်းကို နေရာမရွေး အချိန်မရွေး ဆေးခန်းပြနိုင်အောင် ဆောင်ရွက်ပေးရပါမယ် ၊ အစိုးရဆေးရုံ နဲ့  ဒေသန္တရဆေးခန်းများသာမက ကိုယ်ပိုင်ဆေးခန်းတွေမှာပြသခွင့်ရှိအောင်လုပ်ပေးနိုင်တာကတော့ အုပ်ချုပ်သူယန္တရားကပဲ တတ်နိုင်ပါတယ် ။

---- ဒီင်္စံနစ်ကနေ နောက်တစ်ဆင့် ဥပမာ - လမ်းမတော် ( ၁၆ ) လမ်းက တော်ဝင်ဆေးခန်းလိုမျိုးမှာ သာမန်လူတန်းစားတစ်ယောက်ဆေးခန်းပြနိုင်တဲ့အခြေအနေရောက်လာပါလိမ့်မယ် ၊ အခုလို ပြင်ပဆေးခန်းမှာပြတဲ့ကုန်ကျစားရိတ်ကို ရန်ကုန်တိုင်းအစိုးရကျန်းမာရေးဋ္ဌာနက ဗောက်ချာနဲ့တကွ ငွေပြန်ရှင်းပေးတဲ့နည်းလမ်းနဲ့လုပ်ရမှာပါ ၊ ရှုတ်မသွားပါနဲ့ ၊ ဆေးခန်းမှာ လူနာက ဘာငွေမှမပေးခဲ့ရပေမယ့် ဆေးခန်းက တိုင်းအစိုးရဆီက ငွေပြန်ရပါတယ် ၊ အခမဲ့နီးပါးဖြစ်တော့ လိုချင်သူအဆမတန်များနိုင်တဲ့အတွက် အစိုးရပေးတဲ့ ကုသခွင့်-Coverage က အကန့်အသတ်ရှိရပါလိမ့်မယ် ၊ အစိုးရဘတ်ဂျက်အသုံးစားရိတ်မှာ ကျန်းမာရေးအတွက်တိုးမြှင့်ရင်းနဲ့ အခြေခံလူထုကျန်းမာရေးကို ခြုံငုံမိတဲ့ အကျုံးဝင်မှုကိုအဓိကထားပြီး ဖော်ဆောင်သင့်ပါတယ်ဆိုတာ တာဝန်ရှိသူပြည်သူ့အစိုးရကို တိုက်တွန်းအပ်ပါတယ် ။


ကိုညီညီ ( တောင်ကြီး )