Sunday, September 15, 2013

Education ( Jawng gawk de bai gayin yu ai lam )

  မေရိကားမှာ သားသမီးတွေ ကျောင်းဘယ်လိုထားရမလဲ

 

   မြန်မာပြည်မှပြောင်ရွှေ့ နေထိုင်သူအများစုစိတ်ပူတာတစ်ခုရှိပါတယ်၊ အဲဒါကတော့ အမေရိကားမှာ သူတို့ ရဲ့သားသမီးတွေ ကျောင်းဘယ်လိုထားရမလဲဆိုတာကိုပါ ။




                ၁ တန်းကနေ ၅ တန်း ကို မူလတန်း၊ ၆ တန်းကနေ ၈ တန်း ကို အလယ်တန်း၊ ၉ တန်းကနေ ၁၂ တန်း အထိကို အထက်တန်းဆိုပြီး အမေရိကားရဲ့အခြေခံပညာရေးကို ၃ ပိုင်း ခွဲပြီးတည်​​ဆောက်ထားပါတယ်၊ မူကြိုတန်းက ကလေးစာသင်နှစ်ကုန်ခါနီး ၂လလောက်အလိုမှာ သူ့မိဘတွေဆီကို သူအတန်းတက်ရမယ့် မူလတန်ကျောင်းက ကြိုဆိုတဲ့စာပို့ပါတယ်၊ ဒီအတိုင်းဘဲ ၅ တန်းကျောင်းသား က ၆ တန်းတက်ခါနီးအချိန်မှာရော အလယ်တန်းကျောင်းက စာပို့ပါတယ် ၊ ဒီနေရာမှာ တစ်ခုအလေးပေးပြောပြချင်တာက ကျောင်းသားတစ်ယောက်ရဲ့ပညာရေးစိတ်ဝင်စားမှု အလှည့်အပြောင်းကို အလယ်တန်းမှာ ဇောင်းတင်ပေးထားတာပါ ၊ အကြောင်းကတော့ ဆက်ကျော်သက်ဝင်ခါစ၊ အရာရာကို စူးစမ်းလေ့လာလိုစိတ်ပြင်းပြခါစ အချိန်တွေမှာ သိပ်အရေးကြီးပါတယ် ။

 ထိုနည်းတူစွာ စာသင်တဲ့စံနစ် နဲ့ သင်ရိုးညွှန်းတမ်းပုံစံ ( Curriculum ) ကို တစ်ဆင့်မြှင့်ထားပါတော့တယ် ၊ အလယ်တန်းမှာ အဓိကခွဲထားပေးတဲ့ဘာသာတွဲ ၄ မျိုး ကတော့ အင်္ဂလိပ်စာတွဲ ( Language Art Class )၊ သင်္ချာတွဲ ( Math Class )၊ သမိုင်း နှင့်ပထဝီတွဲ ( Social Study Class ) နဲ့ သိပ်ပံတွဲ ( Science Class ) တို့ဖြစ်ကြပါတယ် ။ ကျောင်းတက်ချိန်မနက် ၈ နာရီ ၅ မိနစ် ကနေ ကျောင်းဆင်းချိန် ၃ နာရီ ၁ဝ မိနစ် အထိ အတန်း ( Period ) ၈ ခု ရှိပါတယ် ။ မေဂျာ ၄ ခု က အခန်း ၄ ခု ယူ၊ အားကစားနဲ့ကာယလေ့ကျင့်ခန်း ( P.E Class ) တစ်ကြိမ် နဲ့ ထမင်းစားချိန် နာရီဝက် ကို အခန်းတခန်းအနေနဲ့ အားလုံးပေါင်းလိုက်ရင် ၆ ခန်း ရှိနေပါပြီ ။ နောက်လိုတဲ့ ၂ ခန်းအတွက်ကျောင်းသားကို စိတ်ကြိုက်ရွေးချယ်မှုအတန်း ( Elective Class ) တွေထဲက  ၂ ခန်း ယူခိုင်းပါတယ်၊ ပါဝင်ရွေးချယ်နိုင်တဲ့ အခန်းတွေကတော့ ခေါင်းဆောင်မှုအတတ်ပညာသင်တန်း ( Leadership Class )၊ ဖန်တီးမှုအနုပညာသင်တန်း ( Art Class )၊ ဂီတသင်တန်း ( Music Class ) နဲ့ ဘာသာစကား ( Language Class ) မှာတော့ စပိန်နွယ်ဖွားဘာသာစကား ( Spanish Language )၊ ဂျာမန်ဘာသာစကား ( German Language ) တွေဘဲ ဖြစ်ကြပါတယ် ။

                  ၈ တန်းကျောင်းသားက ၉တန်းတက်ခါနီးမှာကျတော့ အရေးကြီးလာပါပြီ ၊ အိမ်ကိုပို့လာတဲ့စာထဲမှာ သင်ကြားပေးနိုင်တဲ့မေဂျာတွေကိုရှင်းပြပြီး  မိဘတွေကို စာဖတ်ကြည့်စေပြီး ကျောင်းသားနဲ့တိုင်ပင်ပြီးရွေးစေပါတယ် ၊ အဲဒီတော့ မိဘတွေကလဲ ကိုယ့်သားသမီးပညာရေးဘယ်လိုအခြေအနေရှိတယ်ဆိုတာ မသိဘဲ မနေပါဘူး၊ ပစ်ထားလို့ မရအောင်ကို ချိတ်ပေးထားတာပါ၊ အထက်တန်းကခွင့်ပြုထားတဲ့အတန်းတွေဖြစ်ကြတဲ့ ကျန်းမာရေးနှင့်ဆေးပညာ အကယ်ဒမီ ၊ သတင်းနှင့်မီဒီယာအကယ်ဒမီ ၊ အနုပညာနှင့်ဖန်တီးမှုအကယ်ဒမီ ၊ အနာဂါတ်ခေါင်းဆောင်နှင့်နိုင်ငံရေးအကယ်ဒမီ ၊ သဘာဝအရင်းအမြစ်အင်ဂျင်နီယာအကယ်ဒမီ ၊ ဥပဒေ၊ယျဉ်ကျေးမှုနှင့်ဘာသာစကားမြှင့်တင်ရေးအစီအစဉ် ၊ ကွန်ပျူတာအင်ဂျင်နီယာနှင့်နည်းပညာအကယ်ဒမီ ၊ မြို့ပြအင်ဂျင်နီယာနှင့်ဒီဇိုင်းအကယ်ဒမီ တို့ထဲကမှ ၅ မျိုးကိုပေးရွေးရမှာပါ ။ ကျောင်းသားကသူဘာကိုဝါသနာပါတယ်၊ သူဘာလုပ်ချင်တယ်ဆိုတာသူသိနေပါတယ် ။ မိဘတွေရဲ့သွန်သင်ညွှန်ကြားမှု ( Guide Lines ) တွေ နဲ့ ကျောင်းသားရဲ့ဖြစ်ချင်တဲ့စိတ်ဓါတ်တို့ကို ပူးပေါင်းပေးလိုက်တာပါ ။

                        ၁ တန်း ကနေ ၈ တန်း အထိကို ( -Grader  ဥပမာ 8 Grader ) လို့ဘဲခေါ်ပြီး တန်း ကို Freshmen ၊ ၁ဝ တန်း ကို Sophmore ၊ ၁၁ တန်းကို Junior နဲ့ ၁၂ တန်း ကို Senior လို့ ခေါ်ပါတယ် ၊ ကျောင်းအပ်တဲ့ပုံစံကလဲ မြန်မာနိုင်ငံနဲ့မတူပါဘူး ၊ ကိုယ့်အိမ်လိပ်စာနဲ့သက်ဆိုင်တဲ့ ကျောင်းအုပ်ချုပ်ရေးရုံး ( School District ) ကို ထိပ်ဆုံးအကြိမ်သွားရပါတယ် ၊ ရုံးကတောင်းဆိုတဲ့စာရွက်စာတမ်းတွေကတော့ ကာကွယ်ဆေးထိုးပြီးကျောင်းအထောက်အထား ၊ နား၊မျက်စိ၊သွားစစ်ဆေးပြီးကြောင်းထောက်ခံစာ ၊ မွေးစာရင်း ( မြန်မာကနေအင်္ဂလိပ်လိုဘာသာပြန် ) ၊ အမှန်အကန်နေထိုင်ကြောင်းအထောက်အထား ( ရပ်ကွက်ရုံးမှာသွားယူတာမျိုးမဟုတ်ပါ-ကိုယ့်အိမ်ကိုစာလာသောမီတာခ၊အင်တာနက်ခ၊ဖုံးဘေ-စသည်အားဖြင့် ) နဲ့ နောက်ဆုံးတစ်ခုက ဆိုရှယ်လုံခြုံရေးနံပါတ် ( Social Security Number ) တို့ဘဲဖြစ်ကြပါတယ် ။ နောက်ပိုင်းကျောင်းတစ်ခုပြီးတစ်ခုပြောင်းသွားတဲ့ အချိန်မှာ ကို ထပ်သွားစရာမလိုတော့ပါဘူး ။ ကျောင်းအုပ်ချုပ်ရေးရုံးက နောက်တက်မယ့်ကျောင်းကို ကျောင်းပြောင်းလက်မှတ် အလိုအလျောက်ပို့ထားပေးပါလိမ့်မယ် ။
ကျောင်းဖွင့်ခါနီး ၁လ လောက်အလိုမှာ ကျောင်းစီမံဌာနကနေ ကျောင်းအပ်ရမယ့်စာရွက်စာတမ်းတွေကို အိမ်ကိုပို့လာပါမယ်၊ နောက် ၂ ပါတ်လောက်ကျရင် ကြေညာထားတဲ့ကျောင်းအပ်ရက်မှာကျောင်းသားကိုသွားပြပေးရပါတယ် ၊ ကျောင်းစဖွင့်ပြီးနောက်တစ်ပါတ်လောက်မှာ Back to School Night ရှိပါတယ် ၊ မိဘ နဲ့ ကျောင်းသားညပိုင်းမှာ ကျောင်းရဲ့အခန်းတွေကိုလိုက်လံကြည့်ရှုရင်း ဆရာ၊ဆရာမတွေနဲ့နှုတ်ဆက်စကားပြောနိုင်ကြဖို့စီစဉ်ပေးထားတာပါ ။ အလယ်တန်းကျောင်းမှာ တစ်ပါတ်မှာ တစ်ရက် ၂ နာရီ မိနစ် ၃ဝ ကျောင်းစောလွှတ်ပေးပါတယ် ၊ အထက်တန်းကျောင်းမှာတော့ တစ်ပါတ်မှာတစ်ရက် ၁ နာရီ ၂ဝ မိနစ် ကျောင်းနောက်ကျမှတက်ပါတယ် ၊ အကြောင်းကတော့ ဆရာ၊ဆရာမ အစည်းအဝေး အတွက်ဘဲဖြစ်ပါတယ် ၊ တနည်းအားဖြင့် ကျောင်းသားတွေကို အားလပ်ချိန် ( Break ) ပေးခြင်းဘဲဖြစ်ပါတယ် ။

                       ကျောင်းအပ်ခ များကတော့ ဘာမှသိပ်မရှိပါဘူး ၊ ကျောင်းသားနေ့စဉ်အိမ်စာမှတ်တမ်းစာအုပ် ( Planner ) အတွက် ၈ ဒေါ်လာ ၊ အားကစားအကျီင်္အတွက် ၁ဝ ဒေါ်လာနဲ့ အားကစားဘောင်းဘီအတွက် ၁ဝ ဒေါ်လာ တို့ကိုတော့ ကျောင်းသားတိုင်းမဖြစ်မနေသွင်းပေးရပါတယ် ။ အမှတ်တရနှစ်စဉ်စာအုပ် ( School Year Book ) ကတော့ ဒေါ်လာ ၄ဝ ပါ၊ မဝယ်ချင်လဲရပါတယ် ၊ ကျောင်းတစ်တန်းပြီးခါနီးကျမှထုတ်ပေးတာပါ ၊ ကျောင်းသားတစ်ယောက်ရဲ့စာရေးကိရိယာများကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် အပြင်မှာဝယ်ရတာမို့လို့ ၁၅ ဒေါ်လာလောက်ကုန်ကျပါလိမ့်မယ် ၊ လုံးဝမတတ်နိုင်တဲ့ကျောင်းသားများအတွက်အထောက်အပံ့ပေးတဲ့ပရိုဂရမ်ရှိပါတယ် ၊ လျှောက်ထားတဲ့သူကိုပြည့်စုံအောင်ထောက်ပံ့နိုင်ဖို့ကျောင်းရံပုံငွေအရ အဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်၊ ၆ တန်း မှာ ကျောင်းသားကို ဂဏန်းတွက်စက် စပေးသုံးပါတယ် ၊ မရှိမနေရ မဟုတ်ပေမယ့် ကျောင်းသားများကိုဆောင်ထားကြဖို့ကျောင်းကတိုက်တွန်းပါတယ် ။ “အမေရိကားမှာ အလကားရတယ်ဆိုတာ မဟုတ်ပါဘူး ၊ ကုန်ကျငွေကို တစ်ယောက်ယောက်က ဝင်ပေးသွားတာပါလို့“ ဒီနိုင်ငံ က အကိုတစ်ယောက်က သင်ပေးဖူးပါတယ် ။ ဟုတ်ပါတယ် ၊ ကယ်လီဖိုးနီးယားရဲ့ အခြေခံပညာရေးအတွက် အိုဘာမားအစိုးရက ဒေါ်လာ သန်းရာကျော် နှစ်စဉ်ဘတ်ဂျက်ချပေးပါတယ် ၊ ကျောင်းရံပုံငွေဆိုပြီး ကျောင်းသားမိဘတွေနားက လိုက်မကောက်ပါဘူး ၊ ကျောင်းမှာတည်ထောင်ထားတဲ့ ရံပုံငွေထူထောင်ရေးအစီအစဉ် ( Fundraiser Program ) မှာ ငွေသွားလှူချင်ရင်တော့ ကိုယ့်သဘောပါ ။

                   အမေရိကား က ကျောင်းသားလက်ခံတဲ့စံနစ်က အသက်အရွယ်ကို အခြေခံပါတယ် ၊ ဥပမာ မြန်မာပြည်က ၃ တန်းအောင်ပြီးကျောင်းသားရဲ့ကျောင်းထွက်လက်မှတ်ကို ရန်ကုန်မှာ  နိုထရီပတ်ဘလစ်ပြန်တော့ 4 Grade Passed လို့ရေးပေးလိုက်ပါတယ်ဆိုရင် ဒီနိုင်ငံမှာ ကျောင်းလဲအပ်ရော အသက်က ၉ နှစ်ကလဲ ကျော်မယ်ဆိုရင် အလိုလို ၅ တန်းပေးတက်ပါတယ် ၊ ကလေး စာလိုက်နိုင်မလိုက်နိုင်ကတော့ မိဘကစောင့်ကြည့်ရမှာပေါ့ ။ ပထမ ၂လ လောက်မှာ ကလေး က ဘာမှကိုမသိဘဲ ချာလည်လည်ဖြစ်နေမှာပေါ့ဗျာ ၊ ၆ လ လောက်မှာ ကလေး က ပျော်လာပြီး အင်္ဂလိပ်စကားလဲ လိုက်ပြောလာပြီဆိုတဲ့အချိန်မှာ မိဘတွေ စိတ်အေးရပြီပေါ့ ။

                      အမေရိကားမှာ ကျောင်းထားဖို့က စိတ်ပူစရာမရှိပါဘူး ။ အချိန်ပိုင်းအတွင်းမှာ ကလေး က လိုက်မီ ( Catch Up ) သွားမှာရာနှုန်းပြည့်နီးပါးသေချာပါတယ် ။ တစ်ကယ်စိတ်ပူရမှာက မိမိကလေး မြန်မာလိုမပြောတော့မှာကိုပါ ၊ မိဘတွေကအလုပ်တစ်ဖက် ၊ ကလေးက သူ့ဟာသူကျောင်းတက်၊ အိမ်စာလုပ် ၊ တီဗီဂိမ်းဆော့နဲ့ ကြာလာတော့ အပြင်အပေါင်းအသင်းတွေကိုခင်တွယ်လာမှာပါ ။ အရေးအကြီးဆုံးစကားက အခုမှပြောရမှာပါ ။ မြန်မာစကားပြော ၊ မြန်မာစာရေး ၊ မြန်မာပြည် က လာသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ဆိုတာ ကိုယ့်ကလေးကို မမေ့အောင်အကြိမ်ကြိမ်လေ့ကျင့်သင်ကြားပေးရမှာ မိဘတွေရဲ့မလွဲမသွေတာဝန်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်များ ။


ကိုညီညီ-တောင်ကြီး

ကျောင်းပြန်တက်ခွင့်ပေးပါ



     



                    
                    ပိတ်ထားခဲ့သည်မှာကြာမြင့်လှပြီမို့ အဓိပတိလမ်းဂိတ်ပေါက်တံခါးများ သံချေးတက်နေပြီလော ၊ မဖွင့်တာကြာပြီမို့လို့ သော့ပျောက်နေပြီလော ၊ အရေးမကြီးပါ ၊ ယခင် ၂၄ နှစ်ကျော်ကတည်းက လူဝင်ပေါက်သေးမှ ဝင်နေကျ ၊ မြင်သာမြင် ဝင်ခွင့်မရသည်မှာ နှစ်ကာလကြာပြီ ၊ မထူးဆန်းတော့ပါ ၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း ပညာဆည်းပူးခဲ့သော ပဲခူးဆောင်ကိုလည်းမရောက်တာကြာပြီ မင်းကိုနိုင်တို့ဧ။်ကျောင်းတော်ကြီး မင်းကိုမနိုင်ခဲ့သောကြောင့်အမှောင်လွှမ်းခဲ့ပြီ ၊ ဘဝင်သိပ်မကျစရာတစ်ခုက အမိနိုင်ငံအမျိုးသားပိုင်တက္ကသိုလ်ကို အနောက်နိုင်ငံ သမ္မတတစ်ယောက်မှ ပိတ်ဆို့မှုဖြေလျော့ရေးသော့ ဖြင့်လာဖွင့်ပေးခဲ့ရသည် ၊ ဦးသိန်းစိန်တို့စွန့်ခွာသွားသည့်မြို့တော်ဟောင်းကြီးဧ။်ကျောင်းတော်ကြီးတော့နောင်တွင်မည်သို့စခန်းသွားမည်တော့မသိ ၊ အိုဘားမားတို့တက်ခဲ့သည့်ကျောင်းအဆင့်ဆင့်ကိုတော့ဖောက်သည်ချချင်သည် ။

          လူပေါင်းစုံရောထွေးနေထိုင်သည့်ဧည့်သည်သမ္မတကြီးတို့ ပညာနို့ရည်သောက်စို့ရာ တက္ကသိုလ်တက်ရန် အထက်တန်းမှတိုက်ရိုက်ဝင်ရောက်နိုင်သောကျောင်းသားများသည် ပျမ်းမျှ အတန်းတက်မှတ်တမ်း ( GPA – Grade Point Average = 4.0 ) အနည်းဆုံးရရှိထားရန်လိုအပ်သည် ၊ ၉ တန်းမှ ၁၂ တန်းအထိထို GPA ပြည့်မီအောင်ဖြည့်နိုင်ရန် အခွင့်အရေးပေးထားသည် ၊ အလယ်တန်း ၈ တန်းမှစတင်ကာ သချာင်္ထူးချွန်သောကျောင်းသားများကို အထူးသင်တန်းဖြင့် ၉ တန်းသချာင်္တက်စေ၍မြေတောင်မြှောက်သည် ၊ ကျန်သော ၅ ဘာသာတွင် ၈ တန်း ၊ သချာင်္သီးသန့်တွင်တော့ အထက်တန်းကျောင်းသို့သွားတက်ခွင့်ရသောသူကို ကျောင်းသားအားလုံးဖြုံကြသည် ။

အထက်တန်းရောက်သည့်အခါ ကွန်မြူနတီကောလိပ်သင်္ချာ ကို တက်ခွင့်ရပြန်သည် ၊ ၁၂ တန်းလည်းရောက်ရော တက္ကသိုလ်တက်ဖို့ အင်ဂျင်နီယာ ၊ ကွန်ပျူတာသိပ္ပံ ၊ ကွန်ပျူတာနည်းပညာတက်ရန် သချာင်္လိုအပ်ချက် ( Basic Requirement ) က အရန်သင့် ၊ ကောလိပ်တက်၍ယူနစ်ဖြည့်နေရသောအပါင်းအသင်းများကို ပေါင်းကူးတံတားပေါ်မှလက်ပြပြီးကျော်တက်သွားရုံသာ ၊ နေ့စဉ်အိမ်စာကျေအောင်မလုပ်၍စာမတော်လျှင် ကောလိပ်တွင် ယူနစ် ၆ဝ ပြည့်အောင် ၄ နှစ်အချိန်ကုန်ခံရဦးမည်ဆိုသည်ကို ယခုကျောင်းသားကောင်းကောင်းသိသည် ၊ အိမ်ပြန်စာလုပ် ၊ အွန်လိုင်းပေါ်မှ Assignment တင် စသည့်ကိစ္စများသည် အလွန်ဆုံးရှိလှ ၁ နာရီ နှင့် ၁ နာရီခွဲကြားသာကြာမြင့်တော့ ကျောင်းသားသည်မငြီးငြူပါ ၊ ကောင်းသောရလဒ်တစ်ခုမှာ ၁၂ တန်းရောက်လျှင်ပင် အဆိုပါကျောင်းသားသည် သူဘာလုပ်ချင်သည်ကို သူသိနေပါသည် ၊ ဆိုလိုသည်မှာ ကျောင်းသည် သူ့ကို ရှေ့နေဖြစ်ရမည်ဟု အတင်းအကြပ်မတိုက်တွန်းလိုက် ၊ မိဘမှဆရာဝန်အမှတ်ဝင်အောင်လုပ်ကိုလုပ်ရမည်ဟုပြောနေစရာမလို တိုင်းပြည်ဧ။်လိုအပ်ချက်အရ မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်က ဝင်ငွေကောင်းသည်ကို သူသိသည် ၊ မည်သည့်အလုပ်အကိုင်က လခကောင်းသော်လည်း အလုပ်ရရန်ခက်ခဲသည်ကို သူတွက်မိသည် ၊ ထို့ကြောင့် သူနှင့်အသင့်လျှော်ဆုံး ၊ သူဝါသနာအပါဆုံး နှင့် အလုပ်လုပ်ရင်းပျော်ရွှင်နိုင်မည့်ဘဝကို ပတ်ဝန်းကျင်နှင့်တိုင်ပင်ကာ အလိုလို ရွေးချယ်တတ်သွားပါသည် ။

ယူနစ်ဖြည့်၍ကျန်နေခဲ့ရသော သူ့သူငယ်ချင်းများဧ။်ဘဝကိုလည်းကြည့်ပါဦး ၊ ကွန်မြူနတီကောလိပ်ဝက်ဆိုက်ဒ်တွင် စာရင်းသွင်း ( Register ) လုပ် ၊ ဝင်ခွင့်စာမေးပွဲ ( Assessment Test ) ဖြေ ၊ နောက်ကျမှခွင့်ပြုသောကျောင်းသားသစ်များစာရင်းသွင်းခွင့်ရက်အထိစောင့် ၊ အနည်းဆုံး ၁၂ ယူနစ်ယူ ၊ တစ်ပတ်ကို ၄ ရက်တက် နှင့် အဆင်ချောသည်တော့မဟုတ်လှပေ ၊ မိဘများမှ သားသမီးအတွက် အစစ အရာရာ လိုက်လုပ်ပေးစရာမလိုပါ ၊ ယျာဉ်မောင်းသင်ပေးလိုက်ပြီး ကားလိုင်စင်ဖြေခိုင်းကာ ကားတစ်စီးဆင်ပေးလိုက်လျှင်တော်တော်တာဝန်ကျေလှပြီ ၊ ကြီးမားသောကွာခြားမှုတစ်ခုက စာတော်သောကျောင်းသား ယူနီဗာစီတီနောက်ဆုံးနှစ်ရောက်မှသာ ကောလိပ်ကသူငယ်ချင်းများအဖွဲ့က ယုနီကိုရောက်ခါစ အချိန်ကိုက်ဖြစ်နေပါမည် ၊ ထိုထူးချွန်သောကျောင်းသားကိုဘယ်လိုမွေးထုတ်လိုက်သနည်း ၊ အဖြေမှာ ၆ တန်းမှ ၈ တန်းအထိ အရှိန်မြင့်သင်ရိုးညွှန်းတမ်းဧ။်အကျိုးဆက်ကို ကျောင်းဆရာ နှင့်ကျောင်းသားစည်းကမ်းလိုက်နာ ပူးတွဲအကောင်အထည်ဖော်လိုက်ကြခြင်းဖြစ်သည် ၊ ထိုကျောင်းသားသည် မြန်မာနိုင်ငံမှာကဲ့သို့ ကျောင်းမတက်မီနှင့် ကျောင်းဆင်းပြီးအချိန်များတွင် ကျူရှင်မသွားရပါ ၊ အိမ်စာနှင့်သင်ခန်းစာပြီးမြောက်၍ ကြိုတင်ဖတ်စရာများပြီးလျှင် ညနေပိုင်းမိဘနှင့်ဈေးဝယ်ထွက်နိုင်ပါသည် ၊ သူငယ်ချင်းများနှင့် အွန်လိုင်းဂိမ်းကစားနိုင်ပါသေးသည် ၊ သင်ရိုးညွှန်းတမ်းမှ သူရရှိလိုက်သောအကျိုးအမြတ်ကား မည်သည့်ကိစ္စကို မည်သို့ဖြေရှင်းရမည်ဆိုသည့် အဆင့်မြင့်တွေးခေါ်ခြင်းနှင့် အခြေခံယထာဘူတယူဆချက် ( Critical Thinking and Basic Concept ) ကို ရင်ဝယ်ပိုက်မိ လက်ခံနိုင်သောကြောင့်သာဖြစ်သည် ။



                

သမ္မတ အိုဘားမားတက်ခဲ့သော ကျောင်းတန်းရှည်ကြီးသည်လည်း ထိုနည်းတူတူပင်ဖြစ်သည် ၊ အခြေခံပညာစာသင်ခန်းထဲတွင် အသုံးချသိပ္ပံ နှင့် အသုံးချရူပဗေဒ ဘာသာရပ်များက ကျောင်းသားကို အပြင်လောကတွင်လေ့လာရန်စေ့ဆော်ပေးသည် ၊ ၄ ဦး ၊ ၅ ဦးတွဲအုပ်စုဖွဲ့စေ၍ ကိုယ်ပိုင်ပရောဂျက်များကို အဖွဲ့သားများဆက်သွယ်ဆောင်ရွက်စေသည် ၊ တစ်ပတ်တိုင်း သို့မဟုတ် တစ်ပတ်ခြားတိုင်း ဥာဏ်စမ်မေးခွန်းများဖြေခိုင်းသည် ၊ အမှတ် ၁ဝဝ ကို ၁ဝဝဝ ရာခိုင်နှုန်းနှင့် ၄င်းအထက်ရာခို်င်နှုန်းများခွဲကာ စာမေးပွဲကြီးကို တစ်နှစ်စာလုံး စုပြုံမကျက်မှတ်ရအောင် သင်ခန်းစာအခန်း ( Chapter ) အလိုက်ခွဲခြားဖြေကြားစေသည် ၊ ဆရာ နှင့် ကျောင်းသားဆက်ဆံရေးတိုးတက်ကောင်းမွန်ရန် နှင့် အင်တာနက်သုံးစွဲနိုင်ရန် ဦးတည်၍ ကျောင်းအုပ်စုများမှတည်ဆောက်ထားသည့် ကျောင်းဝက်ဆိုဒ် ( School Loop ) များသို့ အကောင့်ဖွင့်၍ အွန်လိုင်းမှ အိမ်စာကိုတင်စေသည် ၊ အတန်းထဲတွင် အလှည့်ကျသရုပ်ပြ ( Demostration ) လုပ်ကြရသည် ၊ ကိုယ်ပိုင်စဉ်းစားဥာဏ်ဖြင့် ဘာသာရပ်တစ်ခုခုကို အထူးပြုဖြေကြားစေသည် ၊ ဆရာများကို ထောက်ပြသောမေးခွန်းများ ( Challenging Questions ) မေးစေသည် ။

ကောင်းမွန်သောအထူးလမ်းညွှန်ချက်အနေဖြင့် ကျောင်းသားအများစုအတွက် ဒေသဆိုင်ရာကောလိပ်များတွင်သင်ယူစေပြီး တက္ကသိုလ်သို့ဆက်စပ်ပေါင်းစည်းသင်ယူနိုင်သောယူနစ် ( UC Transfer List ) များညွှန်ပြထားပေးသည် ၊ ထိုစံနစ်အရ ကျောင်းသားသည် မိမိဒေသအတွင်းရှိကွန်မြူနတီကောလိပ်တွင် ဝိဇ္ဇာတွဲ ( A.A. - Associate in Arts Degree ) နှင့် သိပ္ပံတွဲ ( A.S – Associate in Science Degree ) တို့ကို ၄ နှစ်ကာလဖြင့် အပြတ်ယူနိုင်ပြီး ယူစီ ( တက္ကသိုလ် ) သို့ဆက်သွားနိုင်အောင်လမ်းဖွင့်ပေးထားသည် ၊ သို့တည်းမဟုတ် အလုပ်ခွင်အမြန်ဝင်ရန် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုလက်မှတ် ( Certificate of Proficiency ) ကို ၂ နှစ်ဖြင့်ရယူနိုင်သည် ၊ သို့သော် ဤအစီအစဉ်ဖြင့် တက်ထားသောယူနစ်များကို ယူစီသို့သယ်ယူကူးပြောင်းခွင့်မပြုပေ ၊ ကောလိပ်မှ စာတော်သောကျောင်းသားများကို ယူစီများမှ မျက်လုံးဒေါက်ထောက်ကြည့်ကာ သူ့ထက်ငါ စကော်လာရှစ်ပေးကြသည် ၊ ယူစီ ရောက်လျှင်ရောက်ချင်း ပြန်ဆပ်စရာမလိုသော တစ်ကြိမ်ထောက်ပံ့ငွေ ( Grant ) ပေးခြင်းဖြင့် မိမိတို့တက္ကသိုလ်ကို ရောင်းအားမြှင့် ပရိုမိုးရှင်းလုပ်ကြသည် ။ အသက်အရွယ်မည်မျှကြီးစေကာမူ ကျောင်းတက်ခွင့်ရှိသည်မှာ အမေရိကန်ပညာရေးစံနစ်ဧ။် အားသာချက်များတွင် တစ်ခု အပါအဝင်ဖြစ်သည် ။

အဓိကလိုရင်းမှာ ကျောင်းသက်တမ်းပြီးဆုံးသွားသူများအလုပ်ခွင်ဝင်ရေးပင်ဖြစ်သည် ၊ အလုပ်ခန့်သောကုမ္ပဏီများမှ ဘွဲ့ရကျောင်းဆင်းအသစ်များကိုနေရာပေးရေးစီမံကိန်းများကို ပြည်နယ်အစိုးရဧ။်လမ်းညွှန်မှုဖြင့်ပူးပေါင်းအကောင်အထည်ဖေါ်ကြသည် ၊ ထိုသို့တင်ပြခြင်းဖြင့် အိုဘားမားတို့တိုင်းပြည်တွင်အလုပ်အလွန်ပေါများသလော ၊ အလုပ်အကိုင်ပေါများသလောက် အလုပ်လက်မဲ့အများဆုံးနိုင်ငံများစာရင်းတွင်ထိပ်ဆုံးမှပါဝင်သည် ၊ အကြောင်းရင်းမှာ ကုန်ထုတ်လုပ်မှုစီးဆင်းမှုသည် လုပ်ခသက်သာသောပင်လယ်ရပ်ခြားသို့စီးဆင်း ( Outsourcing ) ကုန်သောကြောင့်ဖြစ်သည် ။

ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်လှစ်နိုင်လျှင်ရော အသစ်ဖြစ်လာမည့် သင်ကြားမှုစံနစ်သည် စာသင်သားတို့ဧ။်ဘဝ ကို မည်မျှအာမခံချက်ပေးနိုင်ပါမည်နည်း ၊ ကျောင်းသားနှင့်အုပ်ချုပ်သူအစိုးရကြား သိမ်မွေ့ချောမွတ်သောဆက်ဆံရေး တည်ဆောက်နိုင်ပါမှ ရှေ့အနာဂါတ်ရောင်ခြည်ထွန်းလင်းတောက်ပလာမည်မဟုတ်လော ၊ နိုင်ငံရပ်ခြားသို့ ထွက်ခွာပညာသင်ခဲ့ကြသော အသက် ၄ဝ ကျော် ၁၉၈၈ နှောင်းပိုင်းက ကျောင်းမပြီးသောကျောင်းသားဟောင်းများ ရန်ကုန်ကိုပြန်ပြီး အသစ်တက်မည့်ကျောင်းသားသစ်တွေကို ကူညီရမည်လား ၊ တနည်းအားဖြင့် မိမိနိုင်ငံကို နှစ်ပေါင်း ၂ဝ ကျော်စွန့်၍ ရေကြည်ရာမြက်နုရာတွင် အခြေလဲကျရော မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံရေးသမားအသွင်ဖြင့် ဝင်ရောက်ရမည်လား မသိတော့ပါ ။

ယခုလက်ရှိခေတ်သစ်မြန်မာနိုင်ငံတွင် နိုင်ငံအကျိုးကို အနစ်နာခံ ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့ကြသောအကျဉ်းစံကျောင်းသားများ နေရာရနေကြပါသည် ၊ ပရဟိတ လုပ်သူများကို ကူညီသူများနေပါသည် ၊ နှစ်ပေါင်း ၂ဝ ကျော် အမိန့်အာဏာဖြင့်အုပ်ချုပ်ခဲ့သော ဒုတိယမျိုးဆက်စစ်အသွင်ပြောင်း ဒီမိုကရေစီအစိုးရ နိုင်ငံတကာတွင် မျက်နှာပွင့်လျက်ရှိနေပါသည် ၊ ချေးငွေဒေါ်လာ သန်းပေါင်း ၆ဝဝဝ ကျော် လျှော်ချနိုင်ခဲ့သော အစိုးရယန္တရား ဂုဏ်ယူစရာအမှတ်များတိုးနေပါသည် ၊ နှစ်ပေါင်း ၂ဝ ကျော်သက်တမ်းရှိ မြန်မာနိုင်ငံဧ။်လက်ရွေးစင်သူဌေးကြီးများဧ။် လက်ရှိဝယ်ကုန်မှာ ဂုဏ်သိက္ခာ ဖြစ်နေပါသည် ၊ ထို့အပြင် အိမ်နီးနားချင်းတိုင်းပြည်များမှ ပြည်တွင်းဖြစ်ကုန်သည်လက်သစ်များ ငွေထုပ်ပိုက် မြေဈေးကစားမှုဧ။်အကျိုးဆက် သာမန်ပြည်သူများမဆိုထားနှင့် ၊ ငွေအသင့်အတင့်ရှိသူများပင် အိမ်မပိုင်နိုင်တော့ပါ ၊ ထိုသို့ဆိုလျှင် ၁၉၈၈ တုန်းကကျောင်းလည်းမပြီးခဲ့ ၊ မြန်မာနိုင်ငံတွင်လည်းအလုပ်အကိုင်ပြန်လည်လုပ်ကိုင်ရန်မလွယ်ကူ ၊ ပြည်ပနိုင်ငံတွင်လည်း အလုပ်သမားသာသာ ၊ နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှုကုမ္ပဏီကြီးများကိုပင့်၍လည်းမြန်မာပြည်တွင်းသို့ခုန်ဝင်ကာ စီးပွားရေးလုပ်ရန်အရင်းအနှီးမရှိ ၊ ဤကဲ့သို့လူတန်းစားတစ်မျိုးရှိနေသေးသည်ကို သမ္မတဦးသိန်းစိန်တို့ အစိုးရအဖွဲ့ မေ့နေပြီလားဟုမေးခွန်းထုတ်ရင်း “ကျွန်တော်တို့မအိုသေးပါဘူး ၊ တက္ကသိုလ်ပြန်တက်ခွင့်ပေးပါ သမ္မတကြီးခင်များ “ ဟုသာ ပြောလိုက်ချင်ပါတော့သည် ။


ကိုညီညီိ - တောင်ကြီး

-----------------------

 

ဂျာနယ်ဖတ်ရင်း စာသင်မယ် ၁ ။ ( Southwest Airline )



               အွန်လိုင်းကောလိပ်သင်ခန်းစာလို့ဆိုလိုက်ရင် တော်ရုံတန်ရုံ တွန့်သွားကြပြီး အရမ်းကိုကြီးကျယ်ခမ်းနားတဲ့ စာသင်စံနစ်လို့ထင်မိကြမှာပါ ၊ အမှန်က အင်္ဂင်္လိပ်လို ဖတ်ရ သင်ရ ဖြေရတာမို့လို့် တစ်ကယ်တမ်းမလုပ်ကြည့်ဘဲနဲ့ကြောက်နေကြတာဖြစ်ပါတယ် ၊ စာရေးသူဟာ ကလေးပညာရေးအတွက် အမေရိကားကို ခေတ္တရောက်နေတာဖြစ်ပြီး ဒီနှစ်မှာ အွန်လိုင်းသင်ကြားခြင်းကနေ ဈေးကွက်ကွင်းဆင်းခြင်း - Marketing ဘာသာရပ်ကို သင်ယူနေပါတယ် ၊ မြန်မာပြည်သူ စာဖတ်သူများနဲ့ ဒီလိုစာသင်ယူမှုများဟာ ထင်သလောက်မခက်ဘူးဆိုတာပြောပြရင်း စာရေးသူနဲ့ စာမေးပွဲအတူတူဖြေကြရအောင်လားဗျာ ။

          စာသင်သားနဲ့ဆရာတွေကိုချိတ်ဆက်ပေးထားတဲ့ အင်တာနက်အခြေခံ ဒေသဆိုင်ရာခရိုင်ကောလိပ်ပေါင်းစုံ ဝက်ဆိုဒ်မှာခုံနံပါတ်နဲ့ဆင်တူတဲ့ Username နဲ့ဝင်ပြီး ညွှန်ကြားချက်တွေကိုဖတ်ရပါတယ် ၊ အပတ်စဉ်လေ့ကျင့်ခန်း - Quiz ဖြေရပြီး စနေနေ့ည ၁၁:၅၉ နာရီနောက်ဆုံးထား အပြီးတင်ရပါတယ် ၊ ၃ ပတ် နဲ့ ၁ လ တန်သည် စာမေးပွဲဖြေရပြီး အခုတက်နေတဲ့ ၅ လ ကြာစာသင်ချိန် - Fall Semester နောက်ဆုံးပတ်ကျမှ စားမေးပွဲကြီးဖြေရမှာပါ ၊ စာမျက်နှာ ၅၂ဝ ကျော်ပါတဲ့ ဖတ်စာအုပ်ဟာ ၄ ပေါင်လေးပြီး ၂၂ ဒေါ်လာခွဲ ပေးရပါတယ် ၊ ကောလိပ်ကစာအုပ်တိုက်မှာရောင်းဈေးဒေါ်လာ ၇ဝ ဖြစ်နေပြီး အမ်မဇွန် အွန်လိုင်း မှာဝယ်တာ အသစ်ကဒေါ်လာ ၄ဝ ဆိုတော့ သူများသုံးပြီးသားအဟောင်းဘဲ ဝယ်လိုက်ပါတယ် ၊ တပတ်ကို ပျမ်းမျှ ၂၄ မျက်နှာစာဖတ်ရပြီး ဝေါဟာရအသစ်တွေ ၊ ဖြစ်ပျက်ခဲ့ပြီးသားဥပမာတွေ နဲ့ မေးခွန်းတွေ ပါဝင်ပါတယ် ၊ ကဲ - ဒီတစ်ပတ်ဖြေရမဲ့ ပုစ္ဆာကို စာရေးသူနဲ့အတူလိုက်ဖတ်ကြအောင် ။



ခေါင်းစဉ် ။        ။ SOUTHWEST AIRLINES : POSITIVELY OUTRAGEOUS LEADERSHIP
          တက္ကဆက်ပြည်နယ်အခြေစိုက် Southwest Airlines ဟာ ပထမဆုံး ဒဲလက်စ်မြို့ကို စဆွဲလိုက်တဲ့ ၁၉၇၁ ခုနှစ်မှာ အချိန်တိုအတွင်းကျဆုံးပြီး ဒေဝါလီခံရလိမ့်မယ် လို့ စီးပွားရေးကျွမ်းကျင်သူတွေဟောကိန်းထုတ်ခဲ့ကြပါတယ် ၊ အထင်နဲ့အမြင်တွေလွဲခဲ့ကြပြီး အဲဒီအချိန်က စားသုံးသူတွေလိုအပ်ချက်ကိုဖြည့်ပေးနိုင်ခဲ့တဲ့ သက်သာတဲ့လေယျာဉ်စီးခနှုန်းထား ၊ အခေါက်ရေစိတ်စိတ်ပျံသန်းခြင်း နဲ့ အလုပ်ခွင်နဲ့ကိုက်ညီတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ စတဲ့ အကြံဥာဏ်စိတ်ကူးအသစ်တွေကြောင့်အခြားလေကြောင်းလိုင်းတွေနဲ့ယှဉ်ပြိုင်ရပ်တည်နိုင်ပြီး အခုဆိုရင် ကမ္ဘာမှာ အမြတ်အများဆုံးလေကြောင်းလိုင်းတစ်ခု ဖြစ်လာပါတော့တယ် ။

          သမားရိုးကျပျံသန်းခရီးစဉ်များကိုဆန့်ကျင်ပြီး ကြံ့ခိုင်စိတ်ချရတဲ့ ၇၃၇ လေယျာဉ်ကိုသာသုံးပြီး မြို့ကြီး ၄၅ မြို့ကို ခပ်စိတ်စိတ်ခေါက်တို ဆွဲပေးတဲ့တိုက်ကွက်နဲ့စတင်ခဲ့ပါတယ် ၊ ခရီးသည်တွေကို ထိုင်ခုံပေးမရွေးဘဲ လွတ်တဲ့နေရာထိုင်စံနစ်ကိုစတင်ကျင့်သုံးပြီး အစားအသောက်ကိုလေးလေးပင်ပင် မဟုတ်တဲ့ သားရေစာ - Snack Pack ကိုသာကျွေးမွေးခဲ့တယ် ၊ အပေါ်ယံပကာသနကိုအထူးမပြုဘဲ ခရီးသည်များလိုရာခရီးကို ပျော်ရွင်စွာရောက်စေဖို့ ဂရုစိုက်ခဲ့တဲ့အတွက် တည်ထောင်သူ ဟာ့ဘ်ကယ်လီဟာကို ခပ်ကြမ်းကြမ်းလမ်းသစ်ဖောက်တဲ့ စီအီးအို လို့တောင် သမုတ်ခဲ့ကြပါတယ် ၊ တခါတရံ အဲဗစ်ပရက်စလေ လို ဝတ်ဆင်တတ်ပြီး အယောက် ၂ဝဝဝဝ ရှိတဲ့ ဝန်ထမ်းတွေက သူ့နာမည်ကို သူဌေး ၊ ဘော့စ် ၊ မစ္စတာ တပ်ခေါ်တာမကြိုက်တဲ့ ဟာ့ဘ်လို မေတ္တာတရားကြီးမားတဲ့ သူဌေးမျိုးကိုနောက်ထပ်ရှာမတွေ့နိုင်ဘူးလို့ ကုမ္ပဏီ ဒုတိယအမှုဆောင်အရာရှိချုပ်ကပြောပြပါတယ် ၊ “ ဝန်ထမ်းအားလုံးအလုပ်လာရင်ပျော်ရွှင်စေရမယ် “ ဆိုတဲ့ဆောင်ပုဒ်ကိုစံပြထားတဲ့အလုပ်ရှင်ဖြစ်ပါတယ် ။
          “ ငါတို့ပိုင်ပိုင်နိုင်နိုင်ပျော်ရွှင်စွာနေ့တိုင်းအလုပ်လုပ်နေတာကို စီးနင်းသူဖောက်သည်ခရီးသည်တွေသိစေရမယ် “ လို့ အမြဲပြောတဲ့ ဟာ့ဘ် ရဲ့ ခေါင်းဆောင်မှုပညာကို “ အရူးလုပ်တဲ့ခေါင်းဆောင်မှုပညာ ” လို့ သူ့ကိုယ်သူ အမြဲဂုဏ်ယူပြောဆိုတတ်သူပါ ၊ ချစ်ခြင်းမေတ္တာစေတနာနဲ့အလုပ်ခွင်ဖြစ်စေရမယ် - အကြောက်တရားနဲ့အလုပ်ခွင်မဖြစ်စေရဘူး လို့လဲဆိုပါသေးတယ် ၊ ဝန်ထမ်းတွေဟာ ခရီးသည်တွေကို ပိုမိုစိတ်ကျေနပ်မှုပေးနိုင်မဲ့အခြေအနေမျိုးမှာ မနက်အလုပ်ကမှာလိုက်တဲ့ ညွှန်ကြားချက်ကိုဆန့်ကျင်ပြီးလုပ်နိုင်တယ် ၊ ဆန်းသစ်တီထွင်င်္ပြီးဝန်ဆောင်မှုပေးနိုင်တယ် ၊ တန်ဖိုးရှိတဲ့ပတ်ဝန်းကျင်ကိုဖန်တီးခွင့်ရှိတယ် လို့ သင်တန်းပေးဒါရိုက်တာ ရီတာဘေလီ က ရှင်းပြပါတယ် ။

          အလုပ်စသွင်းတဲ့နေ့ကစ ကျွမ်းကျင်သင်တန်းမှာကတည်းက “ ငါတို့လေကြောင်းလိုင်းကို ထိပ်တန်းနံပါတ်တစ်မှာရောက်နေစေမဲ့ ဘယ်လိုလုပ်ဆောင်ချက်ကိုမဆို လုပ်နိုင်တယ် ” လို့ သင်ပေးလိုက်တာပါ ၊ Southwest Airlines ရဲ့ ပြည်သူ့တက္ကသိုလ် ကို တည်ထောင်လိုက်ပြီး အနာဂါတ်အုပ်ချုပ်ရေးမှူးများ ၊ မန်နေဂျာများ နဲ့ ခေါင်းဆောင်များကို တစ်ဆက်တည်းသင်တန်းပေးပါတော့တယ် ၊ ဒီသင်တန်းကနေ အချင်းချင်းချက်ကျလက်ကျဆက်ဆံရေး ၊ ယုံကြည်မှုထိန်းသိမ်းရေး ၊ အပြန်အလှန်လေးစားရေး စတဲ့ ကွင်းဆက်တွေကိုချိတ်ဆက်ပေးလိုက်ပါတယ် ။ ခိုင်မာသောစိတ်ဓါတ် ၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ တာဝန်သိမှုစည်းကမ်းတွေကို တစ်စုတစ်စည်းတည်းအသုံးချနိုင်ခဲ့လို့ Southwest Airlines ကို အမေရိကားမှာအလုပ်လုပ်ဖို့အကောင်းဆုံး ကုမ္ပဏီ ၁ဝ ခု ထဲဝင်အောင်လုပ်နိုင်ခဲ့တာပါလို့ ဟာ့ဘ် က ထပ်လောင်းရှင်းပြပါတယ် ။


          နှစ်တိုင်း အတော်ဆုံးဌာနနာမယ်ကို လေယျာဉ်ကိုယ်ထည်ပေါ်မှာ တက်တူး - Tattoo ထိုးပေးလေ့ရှိပြီး အတော်ဆုံးဝန်ထမ်းကို “ နှလုံးသားရဲ့ရဲစွမ်းသူရဲကောင်း” ဆု ချီးမြှင့်ပြီး ဝန်ထမ်းတွေကို ကောင်းကောင်းထားပါတယ် ၊ လေကြောင်းလိုင်းရဲ့စတော့ရှယ်ယာတွေကိုခွဲဝေပေးတဲ့ ပထမဆုံးအမေရိကန်လေကြောင်းလိုင်းဖြစ်ပြီး ဒီကနေ့မှာတော့ ကုမ္ပဏီရဲ့ ၁ဝ ရာခိုင်နှုန်းသောရှယ်ယာတွေကို ပိုင်ဆိုင်သူတွေကတော့ Southwest Airlines ရဲ့ ဝန်ထမ်းတွေဘဲဖြစ်ပါတယ်။

          ရုံးချုပ်မှာကပ်ထားတဲ့ “ Southwest Airlines ဝန်ထမ်းများဟာ အခုလိုအောင်မြင်တဲ့လေကြောင်းလိုင်းကို တည်ထောင်သူများဖြစ်တယ် ၊ ငါတို့ဝန်ထမ်းများဟာ ပုံပြင်ဆန်ဆန်အတွေးခေါ်များကို အသွင်ပြောင်းနိုင်ခဲ့တယ် ၊ အဲဒီဒေါက်တိုင်များက ငါတို့ရဲ့အတွင်းစိတ် ၊ လုပ်ချင်ကိုင်ချင်တဲ့စိတ်ဓါတ် ၊ အကန့်အသတ်မရှိတဲ့စွမ်းဆောင်ရည် ၊ အလွန်ထက်သန်သောစိတ်ဆန္ဒ တို့နဲ့ ကြီးမားဆန်းကြယ်သော အနာဂတ်ရည်မှန်းချက်များသွားဖို့ ကျားကန်ပေးထားကြတယ် ၊ ဧရာမလေကြောင်းလိုင်းကြီးကို ချစ်ချင်ကြည်နူးဖွယ်ကောင်းသောမိသားစုများက ခရီးသွားခြင်းဖြင့်အားဖြည့်ပေးလို့ အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ပြုပါတယ်” ဆိုတဲ့ ဆောင်ပုဒ်စုလေးဟာတော့ မြင်သူတကာ ကူးမှတ်ယူရလောက်အောင် စံပြဖြစ်နေပါတယ် ။

          ဖတ်ရတဲ့ အဖြစ်မှန်ပုစ္ဆာ ကတော့ဒီလောက်ပါဘဲ ၊ အောက်မှာ မေးခွန်း ၃ ခု ရှိပါတယ် ။

  •  Southwest Airlines ရဲ့ အတွေးအခေါ်တွေကို ပြန်လည်တည်ဆောက်ရမဲ့သင့်ကိုယ်ပိုင်အတွေးအခေါ်များကို ရှင်းပြပါ
  •   Southwest Airlines အတွင်းမှာ အဘယ်ကဲ့သို့အဆက်အစပ်နည်းဗျူဟာများဟာ လူအများကို ထင်သာမြင်သာရှိစေပါသလဲ ရေးပြပါ
  •  ရာသီဥတု ကိုအခြေပြုပြီး ရာသီစဉ် နဲ့ လုပ်စားရတဲ့အလုပ်ကို လုပ်ငန်းသစ်အဖြစ် ဟာ့ဘ် က ဘယ်လိုအသွင်ပြောင်းတည်ဆောက်ခဲ့ပါသလဲ ရှင်းပြပါ




စာဖတ်သူတို့ မူရင်းစာပိုဒ်ကို နားလည်အောင်ဖတ်တတ်ရင် ဖြေနိုင်ပါပြီ ၊ အဖြေတွေက စာပိုဒ်အတွင်းမှာ တစ်စိတ်တစ်ပိုင်းပါပြီးတော့ ဦးနှောက်ကစဉ်းစားပြီး ထပ်ဖြည့်ရုံပါ ၊ အွန်လိုင်းကဖြေရတာမို့လို့မသိတာကို Google မှာရှာလို့ရပါတယ် ၊ ကိုယ့်ထက်သိနိုင်သူကို မေးနိုင်ပါတယ် ၊ မြန်မာပြည်က ၁ဝ တန်းမှာ အင်္ဂလိပ်စာ အမှတ် ၆ဝ ရထားသူမည်သူမဆိုဖတ်နိုင်တဲ့စာမျိုးပါ ၊ ဘာကိုမှ အလွတ်ကျက်ဖို့မလိုပါဘူး ၊ ကူးရေးထားဖို့မလိုပါဘူး ၊ ကိုယ်တက်တဲ့ Semester ပြီးရင် ဒီဖတ်စာအုပ်ကိုမလိုတော့ပါဘူး ၊ ကိုယ့်ဘဝအတွက် အသုံးလိုမယ်ထင်ရင်တော့ သိမ်းထားသင့်ပါတယ် ၊ လိုချင်တဲ့အတွေးအခေါ်ကို ဦးနှောက်ထဲရိုက်သွင်းလိုက်တာထက်စာရင် စဉ်းစားဥာဏ်ကို အလုပ်လုပ်ခိုင်းလိုက်တာ က အမေရိကန်ပညာရေး ရဲ့ လျှို့ဝှက်ချက်ပါ ၊ လုပ်ရင်မခက်ပါ ၊ လုပ်ဖို့ဘဲလိုပါတယ် ၊ အားပေးပါတယ် ၊ မြန်မာပြည်သူများ ပညာဆက်သင်ပါခင်များ ။

( နောက်အပတ်တွေမှာ ထပ်ပြီးတော့ စာမေးပွဲအတူတူဖြေရအောင် )

ကိုညီညီ - တောင်ကြီး

        

-------------------

အခြေခံအထက်တန်းလွှတ်တော်ပညာရေး




          
               သင်ရိုးညွှန်းတမ်းတွေပြင်မယ်လို့ ကြားရ သိရ လို့ မြန်မာ့အခြေခံပညာရေးတိုးတက်မှာကို ကြိုပြီးဝမ်းသာမိပါတယ် ၊ တစ်ခုရှိတာက အရင်လို မြေစမ်းခရမ်းပျိုး ပညာရေးမျိုး ၊ တစ်ဗိုလ်တက် တစ်မျိုးပြောင်း စံနစ်မျိုးဆိုရင်တော့ ကြာကြာခံမယ်မထင်ပါ ၊ အစမ်းသပ်ခံ ကျောင်းသားကျောင်းသူများကိုလဲ ကိုယ်ချင်းစာသင့်ပါတယ် ၊ ကိုယ့်အလှည့်ကျမှ သင်ရိုညွှန်းတမ်းအသစ်နဲ့တိုးရတာ ဆရာ/ဆရာမတွေက မသိတာကို လေ့လာတုန်း ၊ ကျောင်းသူ/ကျောင်းသားတွေကလဲ ကိုယ်နဲ့မရင်းနှီးတဲ့စာတွေကို မသိ တသိ စမ်းတဝါးဝါးလိုက်ရင်း စာသင်နှစ်သာကုန်ဆုံးသွားတယ် ဘာတွေသင်လိုက်မှန်းမသိလိုက်ဖူးဆိုတာမျိုးကို ကိုယ်တိုင်ကြုံဖူးကြသူတိုင်း မှတ်မိကြမှာပါ ၊ သင်ရိုးမြှင့်လိုက်တာနဲ့ စာပေမြင့်ဖို့ဆိုတာချက်ချင်းလက်ငင်း ထဖြစ်လာမယ့်ကိစ္စတော့မဟုတ်ပါ ၊ ရေးသူ/ ပြုစုသူရော သင်ကြားလိုက်နာမယ့်စာသင်သားတွေရော ပူးပေါင်းဆောင်ရွက်ဖို့ အဓိကကျပြီး အမြင်ကျယ်တဲ့အစိုးရရဲ့ဦးဆောင်ဦးရွက် စေတနာပါပါလုပ်ဆောင်မှုက အခရာကျပါတယ် ၊ ဒီစာ ဒီကျောင်းသား ဒီဆရာ သုံးပွင့်ဆိုင် သပွတ်အူကျူရှင်ပညာရေးကို အရင်ဆုံးဖြူစင်အောင်လျှော်ဖွတ်သင့်လှပါတယ် ၊ တစ်ခုအားရစရာရှိတာက သင်ရိုးသစ်ပြဌာန်းရေးအဖွဲ့မှာ ပညာရေးကိုနားလည်ပြီး နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးပါလာတာနဲ့ ပညာရေးအင်အားကြီးအနောက်နိုင်ငံ ၂ ခု ရဲ့ ပညာရှင်တွေကလဲ သူတို့ရဲ့သင်ကြားရေးစံနစ်တွေကိုမျှဝေကူညီမယ်လို့သိရတော့ ဒီတစ်ခေါက်တော့ ကလေးတွေနိုင်ငံတကာဝင်ဆံ့မယ့်ပညာရေးကို မြည်းစမ်းခွင့်ရနိုင်ကောင်းရဲ့လို့ ဝမ်းသာပီတိဖြစ်မိပါတော့တယ် ။

          ဒီနေရာမှာ ဆက်စပ်မိလို့ အထက်တန်း ၄ နှစ်ရဲ့ဂိတ်ဝလဲဖြစ် ဆယ်ကျော်သက်ကျောင်းသားတစ်ယောက်ရဲ့ ဘဝ တဆစ်ချိုးလဲဖြစ်တဲ့ အမေရိကန် ၉ တန်း ( Freshmen ) ကျောင်းသားရဲ့ အတွေ့အကြုံသစ်တွေကို မြန်မာပညာရေးလောကအကျိုးရှိစေရန်အလို့ငှာအနည်းငယ်နိဒါန်းပျိုးပါရစေ ၊ အမေရိကားမှာ အထက်တန်းကျောင်းစတက်မယ့်သားသမီးကို တက္ကသိုလ်/ကောလိပ်ပညာရေးလိုဘဲ အရမ်းအလေးထားပါတယ် ၊ နောက်ယူမယ့်မေဂျာလိုင်း - သိပ္ပံ/ဝိဇ္ဇာ တွဲကို ဒီကနေ စ ခွဲတာဆိုတော့ အလယ်တန်းရဲ့နောက်ဆုံး ၈ တန်း စာမေးပွဲမဖြေခင်ကတည်းက ကိုယ့်သားသမီး ဘာလိုင်းရွေးခွင့်ရှိတယ်ဆိုတာကို မိဘတွေဆီအရောက်စာပို့အကြောင်းကြားပါတယ် ၊ စာကိုအကြွေးမထားတဲ့ကျောင်းသားကတော့ သူဘာလိုင်းယူရမယ်ဆိုတာ ကိုယ်တိုင်သိပြီးသားပါ ၊ မြန်မာနိုင်ငံဆေးကျောင်းမတက်ချင်ဘဲ ဆရာဝန်လိုင်းယူလိုက်ရတဲ့ကျောင်သားတွေလို မိဘဖြစ်စေချင်တဲ့ဘဝတွေကို ကိုယ်မကြိုက်ဘဲလုပ်ပေးစရာမလိုပါ ၊ ဘာမှမဝေခွဲနိုင်ရင်တောင် သိပ္ပံ/ဝိဇ္ဇာ ကတော့ရွေးကိုရွေးရမှာပါ ၊ မြန်မာနိုင်ငံနဲ့တူတာကတော့ သချာင်္ နဲ့ အင်္ဂလိပ် မကောင်းရင်တော့ သိပ္ပံတွဲ မရနိုင်ပါဘူး ၊ ဒီနိုင်ငံက သချာင်္ဆိုပြီး အရမ်းအထင်မကြီးလိုက်ပါနဲ့ ၊ မြန်မာ ၈ တန်း သင်္ချာ က အမေရိကား ၁ဝ တန်း နဲ့ညီပါတယ် ၊ ဒီက ၈ တန်း အင်္ဂလိပ်စာကျပြန်တော့ မြန်မာ ၁ဝ တန်း နဲ့ ညီသွားပြန်ပါရော ။

          ကိုယ်တက်မယ့်လိုင်းနဲ့မဆိုင်တဲ့ ဖြည့်စွက်လိုအပ်ချက်ယူနစ်- Requirement ကို အချိန်ကုန်ခံပြီးမသင်ခိုင်းပါဘူး ၊ ဥပမာ သမိုင်း နဲ့ နိုင်ငံရေး ရောသမထားတဲ့ - Social Study ကို ၈ တန်း မှာ အပြီးဖြတ်ထားခဲ့ပါပြီ ၊ အထက်တန်းမှာ ဝိဇ္ဇာလိုင်းအထူးပြုသူတွေမှ ထပ်သင်ဖို့လိုပါတယ် ၊ ဒီလိုပါဘဲ သိပ္ပံသမားက တက္ကသိုလ်ဝင်တမ်း ဇီဝဗေဒ ကို ၄ နှစ်ဆက်တိုက်မပါ မနေရ သင်ဖို့လိုအပ်ပြီး ဓါတုဗေဒ ၊ ရူပဗေဒ နဲ့ ဘူမိဗေဒ ၃ ခု ထဲက ၁ ခုကို ရွေးရပါလိမ့်မယ် ၊ ပြောချင်တာက မလိုတာ မသင်ခိုင်းတာကိုပါ ၊ ဒါပေမဲ့ သိပ္ပံကျောင်းသားတွေကို သွားမေးကြည့် လွတ်လပ်စွာပြောဆိုခွင့် ၊ လွတ်လပ်စွာရေးသားခွင့် နဲ့ လွတ်လပ်စွာစည်းရုံးခွင့် သူတို့အကုန်သိနေပါတယ် ၊ ဘယ်နှစ်ခုနှစ်မှာ အသားအရောင်တိုက်ဖျက်ရေးခေါင်းဆောင်ကြီး မာတင်လူသာကင်းရဲ့သမိုင်းဝင် “ I Have A Dream “ မိန့်ခွန်းပြောခဲ့တယ် - ဘာအကြောင်းအရာတွေပါတယ်ဆိုတာက အစ သိနေကြတာ အတုယူဖို့ကောင်းပါတယ် ၊ စာလဲသင်တယ် သမိုင်းကိုလဲ မမေ့ဘူး ရှေ့ကိုလဲဆက်လက်ချီတက်မယ့် မူအတိုင်း ကလေးတွေကိုပျိုးထောင်သွားတာ အားရစရာပါ ၊ နိုင်ငံ့အတွက်အသက်စွန့်ခဲ့ကြတဲ့ အာဇာနည်များရဲ့နာမယ်တွေမသိကြတော့တဲ့ သမိုင်းအမှန်ကိုအဆက်ဖြတ်ခံခဲ့ရတဲ့ မြန်မာပြည်ကျောင်းသားများအစားရင်လေးမိပါတယ် ၊ အခုလိုရှင်းပြလာရတာက သိပ္ပံလိုင်းတက်မဲ့ကျောင်းသားကို မလိုတာမသင်ဘူးဆိုပေမယ့် အခြေခံဥပဒေ နဲ့ ဖက်ဒရယ်ပြည်နယ်အုပ်ချုပ်ရေးယန္တရားဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အလယ်တန်းမှာကတည်းက ဦးနှောက်ထဲရိုက်သွင်းပေးလိုက်တာပါ ၊ ကျောင်းသားဟာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတစ်ခုလို့ အားလုံးခံယူထားကြတာပါ ။

          ရိုးရိုးသားသားဝန်ခံရရင် သင်ရိုးညွှန်းတမ်းအကြောင်းရေးနေပေမယ့် ပြင်ပေးနိုင်တဲ့  ပညာရှင်တွေလို စာရေးသူ ဥာဏ်မမီပါဘူး ၊ မြန်မာနိုင်ငံကို စာတွေ့/ပညာတွေ့နဲ့အလုပ်အကျွေးမပြုနိုင်ပေမယ့် သားသမီး/ရင်သွေး/ကျောင်းသားတွေကို ကိုယ်ချင်းစာပြီး တစ်ထောင့်တစ်နေရာကနေ ကိုယ်တွေ့ နဲ့ အတွေ့အကြုံဒါန ပြုပါရစေ ၊ အခြေခံပညာရေးမှာ ဘယ်လိုစာအမြင့်ကိုဘဲပြောင်းသင်သင် ဆရာ/ဆရာမတွေရဲ့ ခေါက်ရိုးကျိုးသင်ပုံသင်နည်းမပြောင်းရင်တော့ အခြေမလှနိုင်တာ သေချာပါတယ် ၊ လောကအကြောင်း စပြီး စဉ်းစားတတ်တဲ့အရွယ် ၆ တန်းလောက်အတည်းက စဉ်းစားပုံ စဉ်းစားနည်း ၊ ပြသနာကို ကိုင်တွယ်ဖြေရှင်းနည်း အဲဒါတွေကို အကျွမ်းဝင်နေကြပါပြီ ၊ မေးခွန်းအတွက်အဖြေမှတ်စုထုတ်ပေးတာမျိုးလုံးဝမရှိပါဘူး ၊ လွယ်လွယ်ကူကူဖြေနိုင်ဖို့ မေးခွန်းတွေကို ရွေးချယ်- Multiple Choice Question နဲ့ ဖြေကြရတာ အများစုပါ ၊ ကျက်ထားသမျှထဲက ပြန်ဖြေဖို့မှတ်စုဖြေ- Essay Question တွေ က မေးခွန်း ၄ ခု မှာမှ ၁ ခု လောက်ဘဲ ပါတာပါ ၊ စာစစ်သူရဲ့အဓိကရည်ရွယ်ချက်က “  စာဖြေသူကျောင်းသားဟာ သင်ရိုးညွှန်းတမ်းဖတ်စာကို ဘယ်လောက်နားလည်ပြီး ဘယ်လောက်အတိုင်းအတာအထိပြန်ပြောနိုင်သလဲ ၊ သူ့အနာဂါတ်မှာ ဘယ်လောက်အသုံးချနိုင်မလဲ ” အဲဒါကိုဖမ်းတာပါဘဲ ။

          အခုခေတ်မြန်မာပြည်က အသင့်တင့်ကနေ အလွန်ချမ်းသာကြွယ်ဝတဲ့အသိုင်းအဝိုင်းသားသမီးများ မြန်မာကျောင်းနှုတ်ပြီး နိုင်ငံရပ်ခြားမှာ ပညာသင်စေဖို့ လုံးပန်းနေတာကို တစ်တိုင်းပြည်လုံးနဲ့ တာဝန်ရှိသူနေပြည်တော်အစိုးရပါမကျန် ထင်ထင်သာသာ သိနေကြပါပြီ ၊ တနည်းအားဖြင့် ပညာရေးယိုစိမ့်မှုလို့ပြောနိုင်သလို အနာဂတ်နိုင်ငံရေးမျိုးဆက်သစ်အင်အားပြုန်းတီးမှုလို့ ကြီးကြီးကျယ်ကျယ် အမည်ကင်ပွန်းတတ်ရင် လွန်အံ့မထင်ပါ ၊ ဒီလို ထုနဲ့ထည် လူ့စွမ်းအားအရင်းအမြစ်နေရာရွှေ့ပြောင်းမှုကို တန်ဖိုးထားဟန့်တားဖို့ သင်ရိုးသစ်ပြဌာန်းနိုင်ရေး တစ်ခုထဲနဲ့ မလုပ်နိုင်ပါဘူး ၊ အလုပ်ဖြစ်တဲ့ စာသင်စံနစ်ကသာ လိုရာခရီးကို ပို့ဆောင်ပေးနိုင်ပါလိမ့်မယ် ။

          အမေရိကန် အလယ်တန်း/အထက်တန်းကျောင်းစာသင်ခန်းတွေမှာ စာသင်သား ၂ဝ ထက်မပိုကြပါ ၊ ဒေသန္တရကောလိပ်အတန်း- Community College တွေထက်တောင် လူဦးရေလျှော့ထားတာ ကလေးတွေကို အာရုံစိုက်နိုင်ဖို့သာမက မနိုင်မှာကိုလဲ စိုးရိမ်လို့ဆိုတာ သိရပါတယ် ၊ ကိုယ်စာရပြီးရောစံနစ်/တစ်ကိုယ်ကောင်းစံနစ်ကို အခြေမပြုဘဲ ၄ ယောက်တန်သည် ၅ ယောက်တန်သည် အုပ်စုဖွဲ့- Team Up ခိုင်းပါတယ် ၊ ဆရာ/ဆရာမ နဲ့ တစ်ဦးချင်း ပြောဆိုဖြေကြားရတာရှိသလို အုပ်စုလိုက်ပေါင်းလုပ်ရတဲ့အလုပ်- Group Task က မနဲမနောပါ ၊ ဒီမှာတင် မြန်မာများအတုယူသင့်တာက ကိုယ်ဖြေတဲ့အဖြေဟာ ကိုယ့်တစ်ယောက်တည်းမဟုတ်ဘဲ အများ- Group ကို ကိုယ်စားပြုတဲ့ လွှတ်တော်စိတ်ဓါတ်မျိုး- Public Mind-Set ထားတတ်ဖို့သင်ပေးလိုက်တာက အစိုးရသင်တန်းများမဟုတ်ဘဲ “  အလယ်တန်းကျောင်း ” ဖြစ်နေတာပါဘဲ ၊ ဒါဟာ လူသားတိုင်းလုပ်သင့်တဲ့နိုင်ငံရေး  ဖြစ်ပါတယ်လို့ ကျောင်းကလမ်းဖွင့်ပေးလိုက်တာပါ ။

          ကိုယ့်အုပ်စုထဲက တစ်ယောက်ယောက် စာမရလို့ ဆရာမအိမ်မှာ ကျူရှင်သွားယူစရာမလိုပါ ၊ ဒီအုပ်စုတွင်းထဲမှာဘဲ မသိတဲ့သူကို ကျန်တဲ့သိတဲ့သူ ၃ ယောက်က ဝိုင်းပြီးရှင်းပြစေပါတယ် ၊ ဒီလိုအုပ်စုတွင်းစကားပြော- Group Chat ၊ အုပ်စုတွင်းဆွေးနွေး- Group Discussion ဖော်ဆောင်ထားပြီး နောက်ဆုံးအဆိုတင်သွင်းဖို့ အုပ်စုတွင်းသဘောတူညီမှုစာချွန်လွှာ- Group Essay ရေးတင်ခိုင်းပါတယ် ၊ တင်လာတဲ့အဆိုလွှာ ( စာစီစာကုံး) တွေထဲကမှ လွှတ်တော်ဥက္ကဌ ( ဆရာ/ဆရာမ ) က ဘယ်အုပ်စုအဆို- Turn In အကောင်းဆုံးဆိုတာ အမှတ်ပေးပါတယ် ၊ ကိုယ့်အုပ်စုထဲက ရ ထားတဲ့ထိုင်ခုံမှာ အိပ်မငိုက်ရအောင် လွှတ်တော်ကိုယ်စားလှယ်အားလုံး ( ကျောင်းသားများ ) ပြန်ရောပြီး စုံစမ်းရေးကော်မရှင် ( အုပ်စုအသစ် ) တွေ ထပ်ဖွဲ့ခိုင်းပြီး လက်တွဲအလုပ်လုပ်စေပါတယ် ၊ အချင်းချင်းရန်ဖြစ်ရင်လွှတ်တော်ဥက္ကဌ ( ဆရာ ) က လုံးဝမကြိုက်ပါဘူး ၊ မေးခွန်းမေးတာကိုလွတ်လပ်စွာခွင့်ပြုပေးထားပြီး တချို့မေးခွန်းတွေကို လွှတ်တော်ကိုယ်စားလှယ် ( ကျောင်းသား ) အချင်းချင်း အပြန်အလှန်နားလည်မှုယူပြီး ဖြေကြားစေပါတယ် ၊ မရှင်းတာ/မသိတာကိုလဲ ရှင်းပြစေပါတယ် ၊ လွှတ်တော်နားတဲ့အချိန် ( ကျောင်းဆင်းချိန် ) မှာ အထူးနိုင်ငံရေးဆွေးနွေးပွဲ ( ကျူရှင် ) တက်စရာမလိုဘဲ လူထုအသံနားထောင်ခြင်း ( အိမ်စာ ) လုပ်ရပါတော့တယ် ၊ ညမအိပ်ခင်နဲ့နောက်တစ်ရက်လွှတ်တော် ( ကျောင်း ) ပြန်မတက်ခင် လွတ်တော်နာယက ( ကျောင်းအုပ်ကြီး ) က မှာလိုက်တဲ့စာတမ်းပြုစုခြင်း ( စာဖတ်ခြင်း ) ကို အနည်းဆုံး ၁ နာရီ လုပ်ရတယ်ဆိုတာ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံလွှတ်တော်နဲ့ အလယ်တန်းကနေအထက်တန်းပညာရေးကိုချည်းနင်းဝင်ရောက်နေကြတဲ့ အမေရိကန်အထက်တန်းကျောင်းသားဘဝကို မေတ္တာအရင်းခံ၍ နှိုင်းယှဉ်ပြလိုက်ရပါတယ် ။

ကိုညီညီ - တောင်ကြီး

ESL ( ten shagu lang ai ga si n kau myi )

 အမေရိကန်ရောက်လျှင် သတိထားအသုံးဝင်မည့် စကားလုံးများ နှင့် မြန်မာပြည်တွင် သင်ယူခဲ့ရသော စကားပြော ( Speaking ) နှင့် အနည်းငယ်ကွဲလွဲသော စကားလုံးတွဲ ရိုးရိုးလေးများကို တင်ပြသွားပါမည် ။

ငယ်ငယ်က “ How are you? I’m fine. Thank you. And you ? “ ဟု လူလူချင်းနှုတ်ဆက်ရမည်ဟု သင်ခဲ့ရပါသည် ၊ “ နာမယ်, How are you doing ? “ ဟု ပြောလျှင် ပိုကောင်းသည် ( အသံထွက်အတိုင်းရေးလျှင် “ how you doin’ ? “ ဖြစ်ပါလိမ့်မည် ) ၊ အမေရိကားတွင် နာမည်တပ်၍ နှုတ်ဆက်မှ လေးစားသည်ဟု ယူဆကြသည် ၊ သူတို့၏ကောင်းကွက်တစ်ခုမှာ နာမည်ကို မရ မနေ အလွန်ကျက်ထားခြင်းပင်ဖြစ်သည် ၊ ရုတ်တရက် နာမည်မေ့နေလျှင်တော့ “ Hi “ တစ်လုံး ထဲ နှင့်လည်း အဆင်ပြေပါသည် ၊ နာမည်ကို ဦး ၊ ဒေါ် ၊ ကို ၊ မ , တတ်ခေါ်လေ့မရှိပါ ၊ အသက်အရွယ်မည်မျှကွာခြားပါစေ နာမည်ရှေ့စာလုံးကိုသာ အဖျားဆွတ်ခေါ်လေ့ရှိသည် ၊ ကျောင်းများ ၊ အသင်းအဖွဲ့များ နှင့် ရုံးကိစ္စ အသုံးနှုန်းများတွင်တော့ မစ္စတာ နှင့် မစ္စ ကို သုံးပါသည် ၊ ဥပမာ Heidi Alvarado ဆိုသည့် အမျိုးသမီးကို “ Heidi , How’re you doing ? “ ဟု နှုတ်ဆက်လျှင် “ I’m good. ( သို့မဟုတ် ) Good ….! ဟု ပြန်ဖြေနေကျဖြစ်သည် ၊ “ I’m doing good “ , “ I’m doing very good  “ ဟု ပြန်နှုတ်ဆက်လျှင် ပိုမိုရင်းနှီးသည်ဟု ခံစားရသည် ၊  “ And you ? “ ဟုပြန်မေးသည့်အလေ့အထ သိပ်မတွေ့ရပါ ၊ နာမည်ကို ထိပ်စီးလေးတပ်ခေါ်ရုံဖြင့်ရိုင်းသည်ဟု မယူဆရုံမက ပိုမိုရင်းနှီးမှု ရှိသည်ဟု လက်ခံကြပါသည် ၊ မြန်မာ့ယျဉ်ကျေးမှုနှင့် လုံးဝမတူသောအမူအကျင့်ဖြစ်ကြောင်း လေ့လာမိပါသည် ။ ( ပိုမိုကောင်းမွန်သည့် ဥပမာများ ။      ။ “ How is your family doing ? “ , “ How is your Grandma doing ? “ , “ How is your Grandpa? Doing good ? “ )
စက်ပစ္စည်း ၊ ပညာရေး လုပ်လက်စ ကိစ္စများနှင့်ဆက်နွယ်၍ နှုတ်ဆက်လျှင် “ How is it going ? “ ဟု သုံးကြပါသည် ၊ အခြေအနေဘယ်လိုရှိလဲ ဆိုသည့် အဓိပ္ပာယ်ဘက်သို့ပိုမိုသက်ရောက်ပါလိမ့်မည် ။ “ မင်းမောင်းနေတဲ့စက်ကောင်းနေလား ၊ မပျက်ဘူးနော် “ ဆိုသည်ကို “ How is it going , running good ? “ ဟု မေးပါသည် ၊ ကျောင်းတက်ရတာ ဘယ်လိုလဲ ( အခုအချိန်အထိ အခြေအနေဘယ်လိုရှိလဲ ) ဟု မေးလိုလျှင် “ How is your school going so far ? “ ဟု မေးပါသည် ၊ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်သူကို “ How is your business going ? “ ဟု မေးလျှင်တော့ အဓိပ္ပာယ် ၂ မျိုးသက်ရောက်နိုင်ပြီး “ မင်းစီးပွားရေး ကောင်းနေလား ” ဟု ရိုးရိုးလေးနားလည်နိုင်သလို “ စီးပွားရေးကောင်းနေလား - အဆငှ် ပြေရဲ့လား ” ဟူ၍ အကျဘက်ဦးတည်သည့်မေးခွန်းအဖြစ် ယူဆသွားနိုင်သည့်အတွက် သတိထားရပါမည် ၊ အမေရိကန်များသည် ဖြစ်နိုင်လျှင် စီးပွားရေးမေးခွန်းများ မမေးပါ ၊ နေကောင်းလား ၊ ပိတ်ရက်မှာဘယ်သွားလဲ ( How is your weekends ? )  ၊ ခွင့်ရက်ရှည်နားတာ ဘယ်လိုလဲ ( How is your vacation ? ) ဟု မေးပြီး ပြန်ပြောသမျှကို ဂရုတစိုက် နား ထောင်ပါလေတော့ ။
“ Have a nice day “ ကိုတော့ အများကြားဖူးသားဖြစ်ပါလိမ့်မည် ၊ ဒီနေ့အဖို့နောက်ထပ်မတွေ့ရလောက်သော လမ်းခွဲသည့်အခါတွင် အသုံးများကြသည် ၊ အလုပ်လုပ်ရက် ၅ ရက် ( Weekdays ) တွင် လုပ်ဖော်ကိုင်ဖက်များအလုပ်ဆင်းချိန်တွင် “ Have a good night “ ဟု သုံးမည့်အစား “ See you tomorrow “ ကို ပိုနှစ်သက်ကြသည် ၊ သောကြာနေ့ အလုပ်ဆင်းသည့်အခါတွင် “ Have a nice weekend “ , “ Have a good weekend “ , “ Enjoy your weekends “ , “ Bye …! see you on Monday “ နှင့် “ Drive safely – ( ရံဖန်ရံခါ ) Drive safe “ ဟု နှုတ်ဆက်လမ်းခွဲကြသည် ၊ မြန်မာပြည်တွင် သင်ခဲ့တုန်းကလို “ Have a nice dream “ ဟု နှုတ်ဆက်သံ သိပ်မကြားဖူးပါ ။

စတိုးဆိုင်တွင် ငွေမရှင်းခင် အများဆုံးနှင့် အတူညီဆုံးအမေးခံရသည့်မေးခွန်းမှာ “ Did you find anything OK ? “ ဖြစ်သည် ၊ ငွေရှင်းပြီးလျှင် ဝန်ထမ်းများက  “ Have a good day “ နှင့် “ Have a great day “ ကို မနက်ပိုင်း ( တစ်ရက်လုံး ) အချိန်တွင် နှုတ်ဆက်ကြသကဲ့သို့ “ Have a good evening “ နှင့် “ Have a good night “ ကို ညနေ ညနက်ပိုင်းတွင် နှုတ်ဆက်ကြသည် ၊ အချိန်ကာလကို မညွှန်းဆိုလိုလျှင် “  Have a good one “ ဟု ယျေဘုယျ နှုတ်ဆက်ပုံကို မှတ်သားမိပါသည့်အကြောင်း မျှဝေလိုက်ရပါသည် ။
ကိုညီညီ - တောင်ကြီး
--------------------------------------------

 

  http://www.youtube.com/watch?v=lJ2fb1NElGg

 ---------------------------

 http://burmese.voanews.com/archive/learning-english/latest/2512/2512.html

အင်္ဂလိပ်စာ သင်ခန်းစာ

Moon စကားလုံဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

TEXT SIZE
09.09.2013
စက်တင်ဘာ ၉၊ ၂၀၁၃ - ဒီတပတ် အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ reach for the moon, over the moon, hung the moon, once in a blue moon နဲ့ moonlighting တို့ကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ

အသံ Loose စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

စက်တင်ဘာ ၂၊ ၂၀၁၃ - ဒီတပတ် အင်္ဂလိပ်စာ သင်ခန်းစာအစီအစဉ်မှာ loose cannon, play fast and loose နဲ့ have a screw loose စတဲ့ အီဒီယံအသုံးအနှုန်းများ ...

အသံ Deal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

သြဂုတ်၂၆၊ ၂၀၁၃ - ဒီတပတ် အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ cut a deal, backroom deal, sweetheart deal နဲ့ no big deal တို့ကို တင်ပြပေးထားပါတယ်။

အသံ Cake စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

သြဂုတ် ၁၉၊ ၂၀၁၃ - ဒီတပတ် တင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းများမှာ piece of cake, to take the cake နဲ့ icing on the cake တို့ ဖြစ်ကြပါတယ်။

အသံ Lip စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

သြဂုတ် ၁၂၊ ၂၀၁၃ - ဒီတပတ် lip service, stiff upper lip, lips are sealed နဲ့ tight-lipped စတဲ့ အသုံးအနှုန်းများကို တင်ပြထားပါတယ်။

အသံ Lay စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

သြဂုတ် ၇၊ ၂၀၁၃ - ဒီတပတ် အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ laid-back, laid to rest, နဲ့ lay your card on the table တို့ကို တင်ပြပေးထားပါတယ်။

အသံ Straw စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

 

အမြဲပြောရသော လုပ်ငန်းခွင်စကားစုများ




လုပ်ငန်းခွင်တွင် ပြောရသော အင်္ဂလိပ်စကားအများစုမှာ မိမိတို့ နေ့စဉ်ပြောနေကျ စကားများသာဖြစ်သည် ၊ သို့ရာတွင် အမေရိကားရောက်မြန်မာများ မည်သည့်အတွက်ကြောင့် ပြောဆိုဆက်ဆံရေး ( Communication ) ခက်ခဲနေကြရပါသနည်း ၊ အကြောင်းရင်းမှာ မေးထူးခေါ်ပြောတတ်ရုံဖြင့် တော်ရုံတန်ရုံ အလုပ်လုပ်နိုင်သောကြောင့် ဆက်လက်၍ ထဲထဲ ဝင်ဝင် မလေ့လာဖြစ်ကြတော့ပေ ၊ မြန်မာနိုင်ငံအတွင်းမှာရော လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ မည်မျှအရေးပါသည်ကို နိုင်ငံခြားကုမ္ပဏီအင်တာဗျူးဖြေဆိုဖူးသူတိုင်း သိနိုင်ပါလိမ့်မည် ၊ အချို့စကားလုံးတွဲများသည် အီဒီယမ်ဖြစ်သော်လည်း အသုံးများပြီး အများနားလည်လွယ်သောကြောင့် နေ့စဉ်သုံး ၊ ရုံးသုံးလက်စွဲများအဖြစ် အစဉ်တစိုက် သုံးစွဲနေကြပါပြီ ။

အမေရိကားရှိလုပ်ငန်းခွင်များသည် အောက်ခြေမှအထက်သို့အဆင့်ဆင့်သတင်းပို့သည့်စံနစ် ( Chain in Command ) ဖြစ်သည် ၊ အခက်အခဲများဖြေရှင်းနိုင်ရန် အလုပ်သမား ၇ ယောက် နှင့် ၁ဝ ယောက်တိုင်း  ခေါင်းဆောင် ( Leader ) ၁ ဦး စီ က စီမံခန့်ခွဲပါသည် ၊ လုပ်ငန်းခွင်လိုအပ်ချက် ( Work Flow ) နှင့် အရေးကြီးလုပ်ဆောင်ရန်ဇယား ( Priority List ) အရ အလုပ်စလျှင် ခေါင်းဆောင်မှ လုပ်သားများကို ကျွမ်းကျင်မှုအလိုက် ပြောင်းရွှေ့နေရာချထားပေးပါမည် ၊ အလုပ်မလာသူရှိပါက ထိုနေရာတွင် လုပ်တတ်ကိုင်တတ်သူကို ခေါင်းဆောင်က အစားထိုးနိုင်ပါသည် ။ 



ဖျားနာခွင့်တိုင်ကြားသည်ကို အမေရိကားရောက်မြန်မာများကြားတွင် ‘ ဆစ်ကောခေါ်သည် ‘ ဟု သုံးနှုန်းကြသည် ၊ “ I’m going to call in sick because my back hurts “ ဆိုသည်မှာ ‘ ဒီနေ့ ခါးနာနေလို့ ဖုံးဆက်ခွင့်တိုင်လိုက်မယ် ‘ ဟု အဓိပ္ပါယ်ရပါသည် ၊ ‘ ငါနောက် ၁ ပတ်ကျရင် ခွင့် ၁ ရက် ယူရင်ကောင်းမလားလို့ စဉ်းစားနေတာ ’ ကို “ I’m thinking I’ld probably take a day off next week “ ဟု ပြောပါသည် ၊ ခေါင်းဆောင် နှင့် Supervisor နေရာမှပြောလျှင် “ He/She called in sick recently “ ‘ သူ/သူမ မကြာလေးခင်က နေမကောင်းလို့ အလုပ်မလာနိုင်ဘူးလို့ ဖုန်းဆက်လာတယ် ‘ ဟု ပြောကြသလို “ He/She texted me he/she couldn’t make it today “ ‘ သူ/သူမ ဒီနေ့အလုပ်မလာနိုင်ဘူးလို့ မက်ဆေ့ပို့လာတယ် ‘ ဟု လည်း ပြောဆိုကြသည် ။

သတိထားရန်မှာ ကြိုတင်ခွင့်တိုင်ခြင်းသည် ( Leave of Absence ) သာဖြစ်ပြီး ပျက်ခွင့်ပေးခြင်းမပေးခြင်းကို Supervisor က ဆုံးဖြတ်သည် ၊ နေမကောင်း၍ဖြစ်စေ ၊ အကြောင်းတစ်ခုခုကြောင့် အလုပ်မတက်နိုင်ခြင်းကြောင့် ဖုန်းဆက်ခွင့်တိုင်မှသာလျှင်  Call in Sick ဖြစ်သည် ၊ အလုပ်မတက်ခင် နာရီပိုင်းအလိုကျမှ အဆင်မပြေမှုတစ်ခုခုကို အကြောင်းပြ၍ ဆစ်ကောခေါ်ကြပါသည် ။



အစည်းအဝေးတွင် အများကို သတင်းအချက်အလက်များပေးသည့် စကားစုများသုံးတတ်ရန်လိုအပ်သည် ၊ အကဲစမ်းသည့်ကိစ္စများတင်ပြရာတွင် အချို့သော အီဒီယမ်များသည် နေ့စဉ်သုံးစကားလုံးများဖြစ်နေကြပါတော့သည် ၊ အစည်းအဝေးခန်းထဲတွင် ခေါင်းဆောင်မှ အထက်လူကြီးများကို ပြသနာတစ်ခု ဖြေရှင်းနေပုံကို တင်ပြပါမည် ။

“ It is just a heads up for all “ ‘ အားလုံးကို သတိ တစ်ခု ပေးလိုပါတယ် ’ “ Today, one of the Product Builder brought upan issue with our product line ” ‘ ဒီနေ့ လုပ်သား ၁ ယောက်က ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်ပြသနာ ၁ ခု ကို တင်ပြလာတယ် ’  “ He said he had seen one lot of expired finished product “ ‘ သက်တမ်းလွန်နေတဲ့ ပစ္စည်း တစ်အုပ်စု တွေ့တယ်လို့ သူပြောတယ် ‘ “ What I later found out is that it was mixed up with the shelf life tested products “ ‘ ဘယ်လောက်အထားခံလဲလို့ စမ်းသပ်ထားတဲ့ ပစ္စည်းနဲ့ ရောနေတာကို နောက်ပိုင်းမှာ ကျွန်တော်ပြန်သိရတယ် ‘ “ These were sitting there for a long time “ ‘ သက်တမ်းစမ်းသပ်ထားတဲ့ပစ္စည်းတွေဟာ အဲဒီမှာရှိနေတာ ကြာနေပြီ ‘ ၊ လုပ်သား ခေါင်းဆောင်မှ အချိန်ကြာမြင့်စွာ တဆက်တည်း ရှင်းပြခဲ့ခြင်းဖြစ်ပါသည် ။

Suppervisor မှ ဆက်လက်၍ “ We’re in a good shape because we didn’t ship them out for end users “ ‘ နောက်ဆုံးသုံးစွဲသူတွေအထိမပို့မိလို့ ကျွန်တော်တို့ အခြေအနေကောင်းသေးတယ် ‘ “We don’t want to make a change for now . So be careful and let’s stick to the main plan “ ‘ အခုအချိန်မှာ ဘာအပြောင်းအလဲမှမလုပ်ချင်သေးဘူး ၊ ဒါကြောင့် သတိထားကြပါ ပြီးတော့ မူလအစီအစဉ်အတိုင်းဆက်သွားကြတာပေါ့ ‘ ဟု မှတ်ချက်ပြုပါသည် ၊ ဆက်လက်၍ Supervisor သည် “ I want to make sure we’re in the same page. Thank you  “ ‘ ကျွန်တော်တို့အားလုံးဟာ တစ် သဘောတည်းရှိမယ်လို့ ကျွန်တော်ယူဆပါတယ် ၊ ကျေးဇူးပါဘဲ ‘ ဟု ဆိုကာ အစည်းအဝေးကို အဆုံးသတ်လိုက်ပါသည် ။

                 စားသုံးသူကို Consumer ၊ ဖောက်သည် ကို Customer ဟု ရေးကြ ၊ ပြောကြသည်ကို လူအများသိပြီးဖြစ်ပါလိမ့်မည် ၊ သို့ရာတွင် ထုတ်လုပ်ကုန်ပစ္စည်း တစ်ခုကို နောက်ဆုံးသုံးစွဲသူ End User အထိ ပို့ရာတွင် ပစ္စည်းမှားများလက်ဝယ်မရောက်ရှိစေရေး ၊ အရည်အသွေးမပြည့်မီသော ကုန်များ စားသုံးသူတို့ မသုံစွဲမိစေရေး တို့ ကို လွန်စွာအလေးထားသည့်နိုင်ငံမှာ အမေရိက ဟု ဆိုလျှင်မမှားပါ ၊ ထို့ကြောင့် ‘ သုံးစွဲသူ၏စိတ်ကျေနပ်မှုသည် ကျွန်တော်တို့၏နံပါတ်တစ် ဦးစားပေးဖြစ်သည် ‘ ဟု အဓိပ္ပာယ်ရသော “ Customer Satisfaction Is Our Number One Priority “ ဆောင်ပုဒ်ကို အမေရိကန်များ စွဲစွဲမြဲမြဲ လက်ကိုင်ထားအလုပ်လုပ်ကြသည်ကို အတုယူသင့်ပါကြောင်း …


 ကိုညီညီ - တောင်ကြီး