Sunday, September 15, 2013

USA mungdan e nnan du yang na Mahkrum madup sumhpa

  အခုတစ်ခေါက်မှာတော့ အမေရိကားကို ပြောင်းရွှေ့နေထိုင်သူတစ်ယောက်ရဲ့ ရုန်းကန်ရပ်တည်မှုနဲ့ကုန်ကျစားရိတ်များကို ခံစားမျှဝေချင်ပါတယ် ။





         
               နေရာသစ်တစ်ခုကိုရောက်ပြီဆိုတာနဲ့ ထိပ်ဆုံးရင်ဆိုင်ရမဲ့စိန်ခေါ်မှုတွေကတော့ မတူညီတဲ့ ဘာသာစကားအခက်အခဲ နဲ့ စားဝတ်နေရေးရပ်တည်မှုပါဘဲ။ 

       ကိုယ်နေစဉ်ပြောနေကျစကားကိုသူများနားမလည်တာ ၊ တပါးသူပြောတာကိုကိုယ်ကနားလည်ပေမယ့် ချက်ချင်းမတုံ့ပြန်နိုင်တာတွေဟာ ကြည့်တော့လွယ်မလိုနဲ့ တော်တော်ခံစားရခက်ပါတယ် ။ အမေရိကားကို မလာခင် အင်္ဂလိပ်စကားပြောသင်တန်းတွေတက်ခဲ့တုန်းက ဆရာအများစု က “အင်္ဂလိပ်စာကို မြန်မာလိုမတွေးနဲ့၊ အင်္ဂလိပ်လိုတွေး” လို့ သင်ပေးတာကိုသတိရမိပါတယ်၊ တကယ်ရင်ဆိုင်ရတဲ့အခါ ဘယ်စိတ်ကူးကို မြန်မာလိုတွေး၊ ဘယ်အကြောင်းအရာကိုတော့ အင်္ဂလိပ်လိုစဉ်းစားဖို့အချိန်က မရလိုက်ပါဘူး ။ ကိုယ်ပြောချင်တာကိုသာ စိတ်ထဲက မြန်မာလိုကြိတ်ပြီးဘာသာပြန်နေမိတာလဲ အကြိမ်ကြိမ်ပါ။ ဒီလိုဘာသာစကားအခက်အခဲတွေကို ဖြေရှင်းဖို့ လူမျိုးအထွေထွေပေါင်းစည်းနေထိုင်တဲ့ အမေရိကားမှာ ဒုတိယဘာသာစကားပြောသူ ( Second Language Speaker ) တွေအတွက် လူကြီးကျောင်း ( Adult School ) တွေ ဖွင့်လှစ်သင်ကြားပေးတဲ့ အစီအစဉ်တွေရှိပါတယ် ။ ကျောင်းချိန်က မနက်ရော၊ ညပိုင်းရော ရှိပါတယ် ။ ကျောင်းဝင်ကြေးက ဆန်ဖရန် စစ္စကို ဧရိယာဘက်မှာ ၂၅ ဒေါ်လာပါ ။ ဖေါင်ဖြည့်ပြီး ငွေသွင်းတဲ့အချိန် ရှင်းပြတာက ဒီငွေကို ကျောင်းစအပ်ပြီး နောက်မတက်ဖြစ်ရင်လဲ ( Non-refundable ) ငွေပြန်မအမ်းပါဘူး ။ အတန်းတွေမှာလဲ ကိုယ့်လိုဘဲ စကားသင် ဘဝတူတွေ တွေ့ရမှာပါ။ နောက်တော့ပြောရဲဆိုရဲဖြစ်လာကြပြီး လုပ်ငန်းခွင်ဆက်သွယ်ရေး ( Communication ) ကောင်းလာဖို့ဆိုတာထက် လွယ်လွယ်ပြောရရင် လူတောတိုးရဲလာတာပေါ့ဗျာ။ စတွေ့ခဲ့တဲ့ လူကြီးကျောင်း ( လူငယ်တွေလဲတက်လို့ရပါတယ် ) က ဆရာမတစ်ယောက်ရဲ့အားပေးစကားကို အခုထိမမေ့နိုင်ပါဘူး ၊ သူမပြောခဲ့တာက “ သူတပါးနားလည်အောင် ပြောဆိုဆက်သွယ်တတ်မယ်ဆိုရင် သင် အမေရိကားမှာ နေလို့ရပြီ” ( If you can communicate, you can live in the United States ) ပါခင်များ ။

          အစားအသောက်အပြောင်းအလဲက နောက်အခက်အခဲတစ်ခုပါ။ မြန်မာပြည်လိုပူပူနွေးနွေး စားလေ့စားထ မရှိကြဘူး ။ ထစ်ကနဲဆို မိုက်ခရိုဝေ့ ထဲ တစ်မိနစ်နွေးပြီး စားလိုက်ကြတာပါ။ အလုပ်တွေမှာလဲ မိုက်ခရိုဝေ့ အမြဲထားပေးကြတယ်၊  အစားအသောက်အားလုံးကို ရေခဲသစ်တာထဲသိမ်းတာ ဒီနိုင်ငံက အလေ့အကျင့်ပါ။ မြန်မာစိတ်နဲ့ဆို မလတ်ဆတ်တာမစားချင်ဘူး ။ ဟုတ်တယ်လေ၊ ရန်ကုန်မှာ ဘာစားချင်စားချင် လမ်းထိပ်ထွက်စားလိုက်ရုံဘဲ ။

          တစ်ကိုယ်ရေသမားတစ်ယောက်အိမ်ငှားသွားနေရင် တစ်ခန်းကို တစ်လ ဒေါ်လာ ၄၅ဝ ပါ။  သူများအိမ်မှာ ဧည့်ခန်း၊ အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုချောင်၊ ရေခဲသစ်တာ မျှသုံးရပါမယ်၊ မီးဖိုချောင်ကိုအလှည့်ကျသုံးကြရတယ် ။ ကိုယ့်အစားအသောက်ကို ရေခဲသစ်တာထဲမှာ အမှတ်အသားနဲ့ထားထားကြပါတယ် ၊ အိမ်ရှင်က မြန်မာဆိုရင် အဖော်ရတာလဲရှိပါတယ်၊ ကားအတွက် ပါကင်မရပါဘူး၊ လမ်းပေါ်မှာဘဲ ရပ်ရပါမယ် ။

          ကား က ၁၉၉၇ မော်ဒယ် တိုယိုတာ ကင်မရီ ၊ မိုင်းလစ် ၁၄ဝဝဝဝ လောက်၊ တိုင်မင်ခါးပတ်ကြိုး ( Trimming Belt ) တစ်ခေါက်လဲပြီးသား ( မိုင် ၈ဝဝဝဝ တိုင်း ခါးပတ်ကြိုးတစ်ကြိမ်လဲရတယ် )  မျိုးကို ဒေါ်လာ ၃၈ဝဝ လောက်ဆိုရပြီ၊ ထမင်းစားစရိတ် က တစ်ယောက်တည်းတစ်လကို ၁၂ဝ ဒေါ်လာ ၊ ကားဆီဖိုးတစ်လ ၁၂၅ ဒေါ်လာ ၊ ကားအာမခံ တစ်ခြမ်းဘဲဝယ်ရင်တစ်လ ဒေါ်လာ ၆ဝ ၊ လက်ကိုင်ဖုံး ကန်ထရိုက်မပါ-ငွေကုန်ရင်ရပ် ( Prepaid Phone ) တစ်လ ဒေါ်လာ ၅ဝ ၊ အင်တာနက် အိမ်ရှင်က ရှယ်ရင်အရေးမကြီးဘူး ၊ ကိုယ့်ဟာကိုယ်ဝယ်ရရင် အနှေးဆုံး 3 Mbps တစ်လကို ၂ဝဒေါ်လာ၊ ဒီထက်မြန်ချင်ရင် 12 Mbps က ၂ဝ ပိုပါတယ်၊ အပြင်ထွက်စားတာနဲ့ ရုံးပိတ်ရက်လျှောက်လည်ဖို့ကိုပါ အကြမ်းဖျဉ်းတစ်လ ၁၁ဝ ဒေါ်လာလောက်တွက်လိုက်ရင် ( တစ်လလုံးလုံးမဖျားနာဘူးဆိုရင်ပေါ့ ) ဘာမှ အပိုသုံးမပါသေးဘူး ဒေါ်လာ ၈၅ဝ မဖြစ်မနေကုန်နေပြီလေ။ ကားလိုင်စင်ရေးဖြေ ဖြေတာ၊ မောင်းဖြေ ဖြေတာ ( ရေးဖြေရော၊ မောင်းဖြေရောမကျဘူးဆိုရင် ) ၃၂ ဒေါ်လာ၊ ကားမောင်းသင်တာ အသိရှိလို့သူ့ကားနဲ့ သင်ပေးတာမျိုးကံကောင်းရင်တော့မပြောတတ်ဘူး ၊ အမောင်းသင်ဆရာနဲ့သင်ခပေးရမှာက တစ်ရက်မောင်းရင် ၂ နာရီစာ ဒေါ်လာ ၆ဝ ၊ တစ်လအတွင်းမတတ်တတ်အောင်သင်လို့ ၅ ခေါက်သင်ရတယ်ဆိုရင် ဒေါ်လာ ၃ဝဝ၊ ကားတန်ဖိုး ဒေါ်လာ ၃၈ဝဝ နဲ့ အမှန်အကန်စာချုပ်ချုပ်နာမည်ပြောင်းမယ်ဆိုရင် အခွန် ဒေါ်လာ ၃၈ဝ ၊ ကညန DMV ကိုပေးရမှာ ဒေါ်လာ ၁၅ဝ၊ ကားလမ်းပြမြေပုံ ( Navigator ) တစ်လုံးဝယ်ဖို့ Garmin တံဆိပ် တစ်လုံးကို ဒေါ်လာ ၁၁ဝ ၊ အားလုံး တစ်ကြိမ်တစ်ခါထဲကုန်ရတဲ့ ငွေပေါင်း က ၄၇၇၂ ဒေါ်လာ လောက် မြန်မာပြည် ကနေကြိုတင် ပါလာမှ အဆင်ပြေမှာပါ။

          ဆက်ပြီးတွက်ကြည့်မယ်ဆိုရင် ရတဲ့ အလုပ်က တစ်နာရီ ၈ ဒေါ်လာ နဲ့ နာရီ ၄ဝ ၊ ၄ ပါတ် စာ ရငွေ ဒေါ်လာ ၁၂၈ဝ ဆိုပါစို့ ၊ အမေရိကန်အစိုးရ ကို ၂ဝ % အခွန်ဆောင်နှုတ်ပြီး ၁ဝ၂၄ ဒေါ်လာ ရရင် ( အလုပ်လဲမပျက်ဘူးဆိုပါလျှင် ) လောက်င ရုံပါဘဲ ။ ၃ လ လောက်အလုပ်မရဘဲ သောင်တင်နေပြီ ဆိုရင် ဒေါ်လာ ၂၆ဝဝ အကြွေးတင်နေပါပြီ ။ ထပ်ပြီးတိုးတွက်လို့ရတာတစ်ခုက သူများနဲ့ ပေါင်းမနေဘဲ အခန်းသီးသန့် ( Apartment ) ငှားနေမယ်ဆိုရင် ( 1 Bed, 1 Bath ) အိပ်ခန်း ၁ ခန်း၊ အိမ်သာရေချိုးခန်း ၁ ခန်း တစ်လ ၁၃၅ဝ ဒေါ်လာ ၊ စရံငွေတင်ရတာ တစ်လစာကိုပါထည့်ပေါင်းလိုက်ရင် တစ်လ ၁၇၅ဝ ဒေါ်လာကုန်မှာအမှန်ပါ။ ပြီးတော့ တစ်ကြိမ်တစ်ခါထဲကုန်ရတဲ့ ငွေက ၆၂ဝဝ ဒေါ်လာ လောက်ဖြစ်သွားရော၊ ပိုဆိုးသွားပါပြီ ။ ဆိုလိုရင်း က အမေရိကားမှာ တစ်ယောက်တည်းရုန်းကန်ရမယ့်သူတစ်ယောက်ဟာ တစ်နာရီ ၈ ဒေါ်လာလုပ်ခနဲ့ တော်တော်ကံကောင်းမှ လောက်ရုံပါ၊ ဟန်ကြီးပန်ကြီးနဲ့တော့ တစ်ကယ်မလွယ်ပါဘူး ။ သီးသန့်တစ်ယောက်တည်းလဲ အခန်းကောင်းကောင်း ( Single Apartment ) ငှားပြီးမနေနိုင်ပါဘူး ။ ရပ်တည်နေနိုင်တယ်ဆိုရုံလေးနဲ့ ဒီနိုင်ငံရောက်မြန်မာများ စခန်းသွားနေကြရတာပါ၊ အမေရိကားမှာရှာ မြန်မာပြည်မှာသုံးတာတန်တယ် ဆိုတဲ့ စကားလဲ ဝေးသွားပါပြီ၊  လက်တွေ့ဘဝ မှာ မလောက်မင နဲ့ မြန်မာပြည်ကို ငွေပြန်မပို့နိုင်ကြပါဘူး။ မလောက်လို့ မြန်မာပြည်ကငွေကိုပြန်မှာသုံးနေရတဲ့သူတွေ ဒုနဲ့ဒေး ပါ။

          တကယ်တမ်း အမေရိကားက အထင်ကြီးစရာပါ ၊ နေတတ်ရင်လဲ တစ်ကယ်ပျော်ဖို့ကောင်းပါတယ် ၊ လည်စရာ အများကြီးပါ ၊ ကျန်ခဲ့တဲ့ မိတ်ဆွေတွေ က အမေရိကားလဲရောက်ရော သူဌေးဖြစ်သွားပြီပေါ့လို့ ပြောကြတယ် ၊ ဒါက မသိလို့ပြောတဲ့စကားပါ ၊ လက်တွေ့အမှန်ရင်ဆိုင်ရတာ က ဘာမဆို အသေးအဖွဲ က အစ ကိုယ့်ကိုယ်တိုင်လုပ်ရတာပါဘဲ ၊ မြန်မာပြည်မှာ အိမ်ဖော်ကိုခိုင်းခဲ့သမျှ ကိုယ်က ဒီမှာ အခိုင်းအစေပြန်ဖြစ်နေကြပါပြီ ၊ မြန်မာပြည်မှာနေတာက ပိုသက်သာပါတယ် ၊ လက်ဘက်ရည်ဆိုင်ထိုင်ဖို့ အချိန်အားပါတယ် ၊ တစ်ချို့ က အမေရိကားကို နတ်ပြည်ရောက်သလိုတောင်တင်စားကြတယ် ၊ အမှန်တကယ် အမေရိကား က အလုပ်သမားဝန်ထမ်းနဲ့တည်ဆောက်ထားတဲ့ နည်းပညာတိုင်းပြည်တစ်ခုသာပါ ၊ မြန်မာတွေ ဒီကို ရောက်ပြီးမှ ပြောပြောနေတဲ့စကားတစ်ခွန်းကတော့ “မြန်မာပြည်ကိုပြန်ချင်တယ်” ပါတဲ့ခင်များ ။


ကိုညီညီ-တောင်ကြီး

No comments:

Post a Comment