Sunday, September 15, 2013

Online shopping ( Gat mari na )

            အွန်လိုင်းမှာဈေးဝယ်ရပုံအကြောင်း ပြောပြချင်ပါတယ် ။





                အဓိက အွန်လိုင်းဈေးသည်ကုမ္ပဏီကြီးများထဲမှာ www.Amazon.com  ( အမ်မဇွန်ဒေါ့ကွန်း ) နဲ့ www.eBay.com  ( အီးဘေးဒေါ့ကွန်း ) နဲ့ တချို့က ဆိုင် ( Store Front ) ဖွင့်ထားတဲ့စတိုးကြီးများ ဥပမာ - အီလက်ထရောနစ်ပစ္စည်းနာမည်ကြီး www.BestBuy.com  ဆိုင် ၊ အမေရိကန်ကြိုက်လူသုံးကုန်ပစ္စည်းများရောင်းတဲ့ www.Costco.com ဆိုင် ၊ အလယ်အလတ်ပစ္စည်းစုံဈေးသင့်အောင်ရောင်းတဲ့ www.Walmart.com  ဆိုင်တွေနာမယ်ကြီးပါတယ် ။

                Amazon နဲ့ eBay က ဆိုင်ခန်းနဲ့ဖွင့်တဲ့ဆိုင်မျိုးမဟုတ်ပါဘူး ၊ ရောင်းသမျှပစ္စည်းတွေအားလုံးကို အွန်လိုင်းမှာတင်ထားတဲ့ဓါတ်ပုံနဲ့ အချက်အလက် ( Product Description ) တွေကသာ လေ့လာရမှာပါ ။ ကိုယ်လိုချင်တာက အသစ်လား ၊ အဟောင်းလား ဆိုတာကို အရင်ဆုံး စစ်ဆေးရပါမယ် ၊  ပစ္စည်းတစ်မျိုးတည်းကို ရောင်းသူအများကြီးက မတူတဲ့ဈေးနှုန်းတွေနဲ့တင်ထားကြတာပါ ၊ ကဲ-ကိုယ်လိုချင်တဲ့ပစ္စည်းလဲတွေ့ပြီ၊ ဈေးနှုန်းကလဲတူပါတယ်ဆိုပါစို့၊ ရောင်းသူတစ်ဦးချင်းရဲ့ ဝယ်ယူသွားသူဖောက်သည်တွေရဲ့တုံ့ပြန်မှု ( Seller Feedback ) ကို အခြေခံပြီး ပြန်ရွေ့းသင့်ပါတယ် ။

                ဒီလိုအချက်အလက်တွေနှိုင်းယှဉ်ဖို့ Amazon မှာဝယ်တာပိုသင့်တော်တယ်လို့အကြံပြုပါရစေ ။ ဒီနိုင်ငံရဲ့အလေ့အကျင့်တစ်ခုက ကိုယ်ဝယ်တဲ့ကုန်ရောက်လာပြီဆိုရင် ပြောထားတဲ့နေ့ရောက်ရဲ့လား ၊ ကုန်ပစ္စည်းက ပြောထားတဲ့သတင်းအချက်အလက်ဖော်ပြချက်နဲ့ကိုက်ညီရဲ့လား ၊ တယ်လီဖုန်းနဲ့ဖြစ်ဖြစ် အီးမေးနဲ့ဖြစ်ဖြစ် ရောင်းသူကိုဆက်သွယ်တဲ့အခါ ကောင်းမွန်စွာ တုံ့ပြန်ရဲ့လား အစရှိတဲ့ တုံ့ပြန်မှု ( Feedback ) ကို Website ထဲမှာပြန်ဝင်ရေးပေးကြပါတယ် ၊ ဖောက်သည်များတာနဲ့အမျှ Amazon System က အဆင့်အတန်း ( Rate ) ပေးတဲ့အခါမှာ နောက်ပိုင်းဝယ်ယူသူတွေအတွက် လေ့လာစရာအချက်အလက်အများကြီး ကျန်ရှိနေပါတော့တယ် ၊ နောက်တစ်မျိုးက ပြန်လည်သုံးသပ်ချက် ( Review ) တွေရေးထားခဲ့ကြတော့ ဝယ်မယ့်သူက အရှေ့ကဝယ်ခဲ့သူတွေရဲ့ ( Customer Reviews ) ကို ဖတ်ပြီးရွေးချယ်နိုင်ပြီပေါ့ ၊ စားသုံးသူက သူဝယ်ယူခဲ့တဲ့ ကုန်ပစ္စည်းကောင်းရင်ကောင်းတယ် ၊ မကောင်းရင် မကောင်းဘူး အမှန်အတိုင်းရေးကြတာပါ ၊ ရောင်းတဲ့ကုမ္ပဏီနဲ့ Amazon တို့က ဒီလိုဖောက်သည်တွေရဲ့ လွတ်လပ်စွာရေးနိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ပြင်ဆင်လို့မရပါဘူး ၊ ကြယ် ၅ ပွင့်စကေးနဲ့ အဆင့်ပေးတာမို့လို့ အနည်းဆုံး ၃.၅ စတားမရှိရင် သတိထားရမှာပါ ၊ စာတိုက်ပို့ခ S&H ( Shipping and Handling ) ဘယ်လောက်ကျသင့်တယ်ဆိုတာ Web Site ထဲမှာရေးထားပါတယ် ၊ အရေးကြီးရင် အမြန်ကြေးပေးပြီးပို့ခိုင်းလို့ရပါတယ် ၊ ကိုယ်စိတ်တိုင်းကျလို့ ငွေရှင်း ( Check Out ) ခါနီးမှာ ဝယ်ခွန်  ( Tax ) ဘယ်လောက်ကျသင့်တယ်ဆိုတာပေါ်လာပါတယ် ၊ တချို့ပြည်နယ်တွေမှာ Tax နည်းပေမယ့် ကယ်လီဖိုးနီးယားအတွင်း နေရာဒေသကိုလိုက်ပြီးတော့ကုန်တန်ဖိုးရဲ့  7.50 % နဲ့ 9.75 % ကြားပေးရပါတယ် ။ Amazon မှာ ဝယ်မယ့်သူရဲ့ ဘဏ်စာရင်းအချက်အလက်တွေရှိပြီးသားဆိုရင် ဆက်သွားရန် ( Continue ) ဆက်တိုက်နှိပ်ပြီး နောက်ဆုံး Review your order မှာ မှန်မမှန်ပြန်စစ်ဖို့လိုမှာပါ ၊ အားလုံးအဆင်ပြေပြီးစစ်ဆေးလို့ နောက်ဆုံးအဆင့် Place order ကိုနှိပ်လိုက်မှ ကိုယ်အော်ဒါကိုလက်ခံတဲ့အကြောင်း အော်ဒါနံပါတ် ( Order Number ) ပါဝင်တဲ့ အတည်ပြု အီးမေး ( Confirmation Email ) ပို့လာမှာပါ ၊ Amazon က ပါဆယ်ထုတ် ပို့လိုက်တဲ့အခါကျရင်လဲ ပို့လိုက်တဲ့ရက် ၊ သယ်ယူပို့ဆောင်ရေးအမျိုးအစား ( Carrier Information ) နဲ့ နောက်ဆုံးရောက်မယ့်ရက်တွေပါတဲ့ အီးမေးထပ်ပို့ပါတယ် ၊ ဝယ်ယူမှုပြီးမြောက်သွားရင် ပစ္စည်းရောက်မယ့်ရက်ကို စောင့်နေရုံပါဘဲ ။    

                eBay မှာ ကမ္ဘာအရပ်ရပ်ကရောင်းသူစုံတဲ့အတွက် စိတ်ချလုံခြုံမှုအားနည်းတယ်လို့ ယူဆပါတယ် ၊ လေလံဆွဲစာမျက်နှာ ( Auction Website ) ဖြစ်တာမို့လို့ အခေါ်အဝေါ်တွေ ပိုမိုရှုတ်ထွေးပါတယ် ၊ ဈေးပေးထားတဲ့သူအရေအတွက်ကို အကြိမ် ( xx Bid ) နဲ့ဖေါ်ပြပြီး ကျန်ရှိနေသေးတဲ့အချိန်ကိုလဲပြထားပါတယ် ၊ eBay မှာ Buy It Now စာလုံးမပါရင် ဖော်ပြထားတဲ့ဈေးနဲ့ဝယ်လို့မရသေးပါဘူး ၊ ပစ္စည်းပုံကိုနှိပ်လိုက်ရင် Place Bid စာတန်းရဲ့ရှေ့အကွက်ထဲမှာ လေလံဆွဲဖို့ဈေးပေးခိုင်းပါတော့တယ် ၊ Buy It Now စာမျက်နှာကိုဖွင့်လိုက်ပြီး ဈေးခြင်းတောင်းထဲထည့် ( add to cart ) လိုက်ပြီး ဆက်လက်လုပ်ဆောင်သွားလို့ရပါပြီ ။ ရောင်းသူရဲ့တည်နေရာနိုင်ငံကိုလိုက်ပြီး စတာလင်ပေါင် ၊ သြစတေးလျ ဒေါ်လာ တို့နဲ့ ငွေပေးချေခိုင်းတာလဲရှိသလို အခွန်မပေးရတာမျိုးလဲရှိပါတယ် ၊ သတိထားရမှာက ဈေးပေါတိုင်းဝယ်လိုက်လို့ကိုယ့်ဆီပစ္စည်းမရောက်လာရင် ဘယ်လိုမှရှင်းလို့မရတော့ပါဘူး ၊ eBay က ဖော်ပြထားတဲ့ ရောင်းသူကောင်းသတင်းအချက်အလက် ( Seller Information ရဲ့ Positive Feedback ) ကို ချင့်ချိန်ပြီးဆုံးဖြတ်ဝယ်ယူရမှာပါ ၊ eBay မှာ အလိမ်မခံရအောင် ကြားခံငွေချေဝန်ဆောင်မှုကုမ္ပဏီအကောင့် ( Paypal ) အကောင့်ဖွင့်ပြီး ဝယ်ယူရင် စိတ်ချရပါတယ် ၊ တစ်ကယ်လို့ ငွေပေးပြီး ကုန်မရောက်လာရင် Paypal ရဲ့ ဝန်ဆောင်မှုနံပါတ် ( Customer Service ) ကိုဖုန်းဆက်ဖြေရှင်းခိုင်းရင် ငွေပြန်ရတာများပါတယ် ၊ Amazon နဲ့ eBay နှစ်ခုစလုံးမှာ ပို့ပေးမယ့်ရက်က ၁၄ ရက် ကနေ ၂၁ ရက် ကြာမယ်ဆိုရင်တော့သေချာပါပြီ ၊ နောက်ဆုံးပေါ်ဈေးသည်ကြီး ကိုတရုတ်ကြီးတို့တိုင်းပြည်က လာမှာပါ ။

                 Best Buy စတိုးဆိုင်တွေမှာ စားသုံးသူတွေက လိုချင်တဲ့ပစ္စည်းကို သွားလေ့လာပြီး မိမိမှာ ပါတဲ့ဖုန်းထဲက Amazon App နဲ့ eBay App မှာ ဘားကုတ်စကင်နာ ( Barcode Auto Scan ) နဲ့ဖတ်ကြည့်ပြီး တစ်ကယ်မဝယ်ကြလို့ ဆိုင်အမြင်ဖွင့်ထားတဲ့ Best Buy အထိနာ နေပါတယ် ၊ ဒီိဆိုင်မှာဝယ်ဖို့ကောင်းတာတစ်ခုက အပါတ်စဉ်လျှော့ဈေးကြော်ငြာ ( Weekly  Deals ) ထဲက ကိုယ်ကြိုက်တာတစ်ခုတွေ့တယ်ဆိုပါတော့ - အွန်လိုင်းကနေဝယ်ထားလိုက်ပြီး အနီးအနားမှာရှိတဲ့ Best Buy ဆိုင်မှာသွားယူနိုင်တဲ့ ( Store Pick Up )  အစီအစဉ်က အချိန်ကုန်သက်သာပြီး အသုံးတည့်ပါတယ် ၊ ပြီးတော့ သူ့ဆိုင်ကဈေးလျှော့ရောင်းတဲ့ ပစ္စည်းတွေက တခြားပြိုင်ဘက်ဆိုင်တွေ ၊ အွန်လိုင်းစတိုးတွေထက် ထူးခြားသက်သာနေတတ်ပါတယ် ၊ ဥပမာ - ဘယ်တော့မှဈေးမလျှော့တဲ့ Apple iPhone 5 with 2 years contract for $199.99 ကို $149.99 နဲ့ရောင်းတာမျိုးပါ ။ Best Buy က အီလက်ထရောနစ် အဓိကရောင်းတာမို့လို့ ငွေရှင်းခါနီးမှာ ပြည်နယ်ဥပဒေအရ ရံဖန်ရံခါ လျှပ်စစ်ပစ္စည်းစွန့်ပစ်ခွန် ( Electronic Waste Recycling Fee ) အတွက် ၆ ဒေါ်လာကောက်တတ်ပါတယ် ၊ လက်ကျန်ရှင်းကုန်များ ( Clearance ) ရောင်းပြီဆိုရင် တစ်ဆင့်ဟောင်းလက်တော့ကွန်ပျူတာ ( နာမယ်ကြီးနောက်ဆုံးပေါ်ရဲ့ကပ်လျက် အရှေ့မော်ဒယ် ) လျော့ရောင်းတာ Best Buy ကို ဘယ်ဆိုင်မှမမီပါဘူး ။ မကြာခဏ ထပ်တိုးအာမခံ ( Extended Warranty ) တွဲပြီးရောင်းတတ်တော့ မလိုချင်ရင် သတိထားရှောင်ကျဉ်ဝယ်ယူရပါလိမ့်မယ် ။

                 Costco က အမေရိကားလက်ကားဖောက်သည်ဆိုင်ကြီးပါ ၊ မျက်မြင်ဆိုင်ကြီးတွေလဲဖွင့်ပြီးတော့ အွန်လိုင်းရောင်းအားလဲကောင်းတယ် ၊ ထူးခြားတာက ဒီဆိုင်မှာဝယ်ရင်များများဝယ်ရပါတယ် ၊ ဥပမာ - ကိုကာကိုလာသံဗူးအများသုံးသလို ၂၄ လုံး ကို ၁ ပါကင်မထည့်ဘဲနဲ့ ၃၅ လုံးထည့်ပြီးဈေးလျော့ရောင်းပါတယ် ၊ ကင်မရာဆိုရင် မှန်ဘီလူးနဲ့ဆက်စပ်ပစ္စည်းများ ( Accessories Bundle Sale ) တွဲထားပြီး ဈေးကလဲ တစ်ခုချင်းဆီ ခွဲဝယ်တာထက် သက်သာနေပြန်တယ် ၊ Costco ရဲ့ အသင်းဝင်နှစ်စဉ်ကြေး ဒေါ်လာ ၁၁ဝ ပေးရင် အသုံးပြုခွင့်က လူနှစ်ယောက်အကျုံးဝင်တယ် ၊ ဒီလက်ကားအွန်လိုင်းစတိုးရဲ့အားသာချက်က အမေရိကန်လူမျိုးအကြိုက် နေ့စဉ်အသုံးအဆောင်တွေရနိုင်ပြီး ဘယ်အီလက်ထရောနစ်ကုန်ဘဲဝယ်ဝယ် အာမခံက ၂ နှစ်ပါ ၊ ထုတ်လုပ်သူစက်ရုံအာမခံ ( Manufacturing Factory Warranty ) ၁ နှစ် + ကော့စကိုအသင်းဝင် အထူးဒုတိယနှစ်တိုးချဲ့အာမခံ ( Costco Concierge Extended 2ndYear Warranty  ) ၁ နှစ် = စုစုပေါင်း ၂ နှစ် ဖြစ်သွားပါတယ် ၊ ပရိဘောဂ ၊ တီဗွီ ၊ မွေ့ရာ တို့လို အရွယ်အစားဆိုဒ်ကြီးကုန်များပို့ဆောင်ပေးရာမှာလဲပိုမိုစိတ်ချရတယ် ။

               Walmart က အခြေခံလူတန်းစားအသုံးများတဲ့ကမ္ဘာ့နံပါတ်တစ် ဆိုင်ကြီးပါ ၊ ဆိုင်ကို ညသန်းခေါင်ထိဖွင့်သလို အွန်လိုင်းရောင်းအားအထူးကောင်းတဲ့စတိုးကြီးလဲဖြစ်ပါတယ် ၊ သူ့အွန်လိုင်းဆိုဒ်မှာ ( အများစု ) ဘာဝယ်ဝယ် ပို့ခ ၉၇ ပြား ( 97 Cents ) ဘဲ ပေးရတာပါ  ၊ နီးစပ်ရာ Walmart ဆိုင်ကို အခမဲ့ပို့ဆောင်ပေးပြီး ဝယ်သူက အွန်လိုင်းလက်ခံ ( Confirmation and Order Number ) ပရင့်ထုတ်စာရွက်ပြပြီး သွားထုတ်ယူလို့ရပါတယ် ၊ သူ့မျက်မြင်ဆိုင်မှာမရောင်းတဲ့ကုန်တော်တော်များများ အွန်လိုင်းမှာ ရနိုင်လို့ ရှာရခက်တဲ့အခက်အခဲများပြေလည်စေပါတယ် ။

            အထက်မှာပြောပြပြီးခဲ့သလိုဘဲ စတိုးကြီးတွေမှာ မျက်မြင်ဝယ်ကြသလို ဈေးသက်သာအောင်စောင့်နိုင်သူများက အွန်လိုင်းဈေးဝယ်တာကို ကြိုက်နှစ်သက်ကြပါတယ် ၊ Amazon နဲ့ eBay မှာ ဝယ်ခွန်ပေးစရာမလိုတဲ့ အကြိမ်များလဲ ရှိနိုင်တာမို့လို့ ဈေးသက်သာဖို့ အားသာချက်ရှိပါတယ်၊ အွန်လိုင်းဈေးဝယ်ခြင်းရဲ့အားနည်းချက်ကတော့ ကိုယ်မကြိုက်လို့ ပြန်ပေး ( Return ) ပြန်ပို့ချင်ရင် ကိုယ်ဝယ်တုန်းကပေးခဲ့ရတဲ့ စာပို့ခအပြင် ကုမ္ပဏီကို ကိုယ့်စားရိတ်နဲ့ကိုယ်ပြန်ပို့ရတာမို့လို့ စိတ်ပြောင်းသွားရင် စာပို့ခ ၂ ကြိမ် ရှုံးမှာဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပါတယ် ။



ကိုညီညီ-တောင်ကြီး

No comments:

Post a Comment