Sunday, September 15, 2013

Job - mu bungli galaw ten



          အခုတစ်ခေါက်မှာတော့ အမေရိကန်အလုပ်သမားလောက နဲ့ အင်တာနက်အသုံးပြုပုံကို အနည်းငယ်ဖော်ပြလိုပါတယ် ။



         
          အလုပ်ခန့်ပြီဆိုပါစို့ ၊  အလုပ်တက် အလုပ်ဆင်းကဒ်ပြား ( Punch ) တစ်ခု ပေးပါလိမ့်မယ် ။ ဥပဒေအရ တစ်ရက်ပုံမှန်အလုပ်ချိန်ကို ၈ နာရီသတ်မှတ်ထားပြီး တစ်ပါတ်ကို နာရီ ၄ဝ ပါ ။ ၂ နာရီလုပ်ပြီးတိုင်း အားလပ်ချိန် ( Break ) ယူခိုင်းပါတယ် ၊ အလုပ်စချိန်ကနေ နောက် ၆ နာရီမကျော်ခင်မှာ ထမင်းစားချိန် ယူရပါတယ် ၊ Break ကြာချိန်က အလုပ်ခွင်တစ်ခုနဲ့တစ်ခု မတူပါဘူး ၊ မဖြစ်မနေ ၁ဝ မိနစ်နားချိန်ပေးရပါတယ် ၊ အလုပ်ပေါ်မူတည်ပြီး နာရီဝက် (သို့) တစ်နာရီ ထမင်းစားချိန်မှာ အဝင်အထွက်ကဒ်ပြား ( Time Card ) ရိုက်ရပါတယ် ၊ ဥပမာ - မနက် ၇ နာရီစတဲ့ အလုပ်ချိန်တစ်ခုမှာ ၉ နာရီ Break တစ်ချိန်ရပြီးတော့ ၁၂ နာရီမှာ ထမင်းစားဖို့ အထွက်ရိုက် ( Punch Out ) လိုက်ပြီး ၁၂ နာရီခွဲမှာ အဝင်ပြန်ရိုက် ( Punch In ) ရမှာပါ ၊ Break ရဲ့ သဘောသဘာဝ ဒီ ၁ဝ မိနစ် ( သို့ ) ၁၅ မိနစ် ကို အလုပ်ရှင်ရဲ့ငွေနဲ့နားရတာပါ ၊ ထမင်းစားချိန် နာရီဝက် ကိုတော့ လုပ်အားခ မရပါဘူး ။ နေ့လည် ၂ နာရီမှာ ဒုတိယ Break ထပ်ရကြပြီး ၃ နာရီခွဲမှာ အလုပ်ဆင်းပါတယ် ။

 အလုပ်များလို့ ဒါမှမဟုတ် လုပ်လက်စ မပြတ်လို့ အချိန်ပိုနေခိုင်းရင် ပုံမှန်တစ်နာရီလုပ်ခရဲ့ ၅ဝ ရာခိုင်နှုန်း ပိုရပါတယ် ။ အခြေခံလုပ်ခ တစ်နာရီ ၈ ဒေါ်လာရသူတစ်ယောက် မနက် ၇ နာရီ အလုပ်တက်ပြီး အချိန်ပို ၂ နာရီနေရတယ် - ညနေ ၅ နာရီခွဲရုံးဆင်းတယ်ဆိုရင် သူရမယ့်ငွေက ၈ နာရီအတွက် ၆၄ ဒေါ်လာ အပြင် အချိန်ပို ၂ နာရီအတွက် ၂၄ ဒေါ်လာ - စုစုပေါင်း ၈၈ ဒေါ်လာပါ ။ တစ်ခုရှိတာက ဘယ်လောက်အချိန်ပိုလုပ်လုပ် လူတစ်ယောက်ကို ၁၂ နာရီထက်ပိုမခိုင်းလိုကြပါဘူး ။ မတတ်သာလို့ခိုင်းခဲ့တယ်ဆိုရင် ပိုလာတဲ့ တစ်နာရီတိုင်းအတွက် ၁ဝဝ ရာခိုင်နှုန်း အပိုရမှာပါ ။ အလုပ်ပိတ်ရက် ( စနေနေ့ ) မှာ အချိန်ပိုခိုင်းကြတာများပြီး ရမှာက တစ်ဆခွဲပါ ၊ တကယ်လို့ တနင်္ဂနွေနေ့ပါ ဆက်လုပ်ရမယ်ဆိုရင် သေချာတယ်  - ၂ ဆ ရပါပြီ ။ အစိုးရသတ်မှတ်ထားတဲ့ အများပြည်သူရုံးပိတ်ရက် ကိုမှ အလုပ်ဆင်းရတယ်ဆိုရင်လဲ ဒီအတိုင်းဘဲ ၂ ဆ ရမှာပါ ။

          လုပ်ခရှင်းတဲ့စံနစ် ၂ မျိုးတွေ့ရပါတယ် ။ ပထမတစ်မျိုးက လခစား တစ်လ တစ်ခေါက်ရှင်း ပုံစံပါ ၊ သာမန်အလုပ်သမားလူတန်းစားတွေ လခစားမရပါဘူး ၊ ရာထူးကြီးတဲ့ ဒါရိုက်တာ ၊ မန်နေဂျာ နဲ့ ကြီးကြပ်ရေးမှူး အဆင့်တွေအတွက်ပါ ၊ ဒီလိုအထက်ပိုင်းလူကြီးတွေအလုပ်လာတိုင်း Punch In – Punch Out ရိုက်စရာမလိုပါဘူး ။ ဒုတိယတစ်မျိုးက နာရီစားသမားများအတွက် လုပ်ခနာရီတွက်ပြီးရှင်းပေးတဲ့ ချက်လက်မှတ်ကို တစ်ပါတ် တစ်ခေါက် ( Weekly ) ဒါမှမဟုတ် နှစ်ပါတ် တစ်ခေါက် ( Bi-Weekly ) ရှင်းပေးတဲ့စံနစ်ပါ ။ ကိုယ့်လုပ်အားခချက်လက်မှတ် ( Paycheck ) ကို အလုပ်ရဲ့လူ့အရင်းအမြစ်ဌာန ( HR – Human Resource ) မှာ သောကြာနေ့တိုင်းသွားယူမလား ၊ ကိုယ့်အိမ်ကိုစာတိုက်ကနေပို့ခိုင်းမလား ရပါတယ် ။ ချက်လက်မှတ်ရလာရင်လဲ အဲဒီပေါ်မှာ ကိုယ့်နာမယ် နဲ့ လိပ်စာပါနေတာမို့လို့ ကိုင်ပြီးဈေးသွားဝယ်လို့မရပါဘူး ၊ နီးစပ်ရာဘဏ်မှာအရင်သွင်းပြီးမှ ပြန်သုံးလို့ရတာမျိုးပါ ။ ချက်လက်မှတ်မကိုင်ချင်ရင် အလုပ်ခန့်ကတည်းက ကိုယ့်ဘဏ်အကောင့်ကို ဒါရိုက်သွင်းခိုင်း ( Direct Deposit ) လို့ရပါတယ် ။ ဘဏ်ခွဲနံပါတ် ( Bank Routing Number ) နဲ့ ကိုယ်သုံးတဲ့ချက်လက်မှတ်တစ်စောင်နမူနာပေးထားဖို့တော့လိုပါလိမ့်မယ် ။ ကိုယ်လုပ်ခဲ့တဲ့နာရီတွေကို ကွန်ပျူတာမှာ ပြန်စစ်နိုင်ဖို့ ( eKiosk System ) စံနစ်တွေထားရှိကြပါတယ် ၊ တချို့ကုမ္ပဏီတွေမှာ Punch ကဒ်ပြားကို တံခါးဖွင့်တဲ့ သံလိုက်သော့အနေနဲ့သုံးကြပါတယ် ။

          မန်နေဂျာက ကြီးကြပ်ရေးမှူး ( Supervisor )  ကို ခိုင်းချင်ရင် ပါးစပ်နဲ့ပြောခိုင်းတာရှိသလို အီးမေး ပို့ပြီးဆောင်ရွက်စေတာတွေရှိပါတယ် ၊ အထူးသဖြင့် ကိန်းဂဏန်းနဲ့ဇယားကွက်ပါတဲ့လုပ်ကွက်တွေကိုတော့ ပရင်တာနဲ့စာရွက်ထုတ်ပြီးတော့ ညွှန်ကြားပါတယ် ၊ ကြီးကြပ်ရေးမှူးကမှတစ်ဆင့် သူ့လက်အောက်က Lead ကို အီးမေးနဲ့ထပ်ခိုင်းပါတယ် ၊ လုပ်သားခေါင်းဆောင်  ( Lead ) က အလုပ်သမားတွေကို သူညွှန်ကြားလုပ်ဆောင်ခိုင်းထားသမျှတွေကိုလဲ အင်တာနက်ကနေဘဲ အီးမေးပို့ပြန်ပါတယ် ၊ အရေးကြီးအကြောင်းကြားဖို့လိုရင်တော့ လူချင်းတွေ့ပြောဆိုလိုက်ကြတာပေါ့ ။ အစည်းအဝေးမှာ ကိုယ်လုပ်ထားသမျှနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့်ကိစ္စတွေဆွေးနွေးရမှာတော့ Cloud Storage
ကနေ အင်တာနက်အသုံးပြုပြီး PowerPoint သရုပ်ပြဆလိုက် ( Presentation ) ကို သုံးကြပါတယ် ။

          ကွန်ပျူတာအသုံးပြုတဲ့ လုပ်ငန်းခွင်တွေမှာ အင်တာနက်ပေးသုံးလေ့မရှိပါဘူး ။ လိုအပ်ချက်အရ အင်တာနက်နဲ့ အလုပ်လုပ်တဲ့ အလုပ်ခွင်တွေမှာ သတ်မှတ်ထားသူများကို သုံးခွင့်ပေးထားကြတာပါ ။ နောက်ပိုင်းခေတ် စမတ်ဖုန်းတွင်ကျယ်လာမှ အလုပ်နားချိန်မှာ အင်တာနက်သုံးကြရတာပါ ။ ဒါပေမဲ့ Lead  နဲ့ Supervisor တွေကို အလုပ် ( Operation ) အတွက် အင်တာနက်ပေးထားကြပါတယ် ။ အလုပ်စီးဆင်းပုံစံက အထက်သို့ဆင့်ကဲသတင်းပို့မှု ( Chain In Command ) စံနစ်ပါ ၊ အလုပ်ဧရိယာအတွင်း Network မိအောင်လွှင့်ထားပြီး Password နဲ့ ထိန်းထားပါတယ် ၊ Free-Wifi Network လွှင့် ပေးထားတဲ့ အလုပ်တွေလဲရှိတော့ အားလပ်ချိန် ( Break ) တွေမှာ အလုပ်သမားတွေ စမတ်ဖုန်းနဲ့ အဆင်ပြေနေကြတာပေါ့ဗျာ ။

          မြန်မာလူထုအသုံးများတဲ့ Gmail ကို လုပ်ငန်းခွင်မှာမသုံးပါဘူး ။ အကြောင်းကတော့ Gmail မှာ လုပ်ဆောင်ချက် နဲ့ ကြော်ငြာများလွန်းတာကြောင့် အလုပ်မတွင်လို့ပါ ။ Facebook သုံးဖို့ဆိုတာကတော့ ပိုပြီးဝေးသွားပါပြီ ၊ Viber နဲ့ Pfingo ကိုပိတ်ထားတဲ့ လုပ်ငန်းခွင်တွေရှိတယ်လို့ ကြားဖူးပါတယ် ။ ကိုယ်ရေးကိုယ်တာ Mail အနေနဲ့ 2002 စွန်းပိုင်းမှာ Yahoo Mail  နဲ့ Microsoft  ရဲ့ Hotmail သုံးစွဲခဲ့ကြပြီး နောက်ပိုင်းမှာ Gmail က အနိုင်ရစိုးမိုးလာပါတယ် ။ လုပ်ငန်းသုံး Mail များကတော့ Microsoft Outlook Mail  နဲ့ Web Mail တွေပါ ။ အစပိုင်း Yahoo Messenger နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူတွေ Microsoft Livemail Messenger ကို ပြောင်းသုံးခဲ့တဲ့အချိန်နဲ့တိုက်ဆိုင်စွာ မြန်မာပြည်လူထုကြားမှာ Gtalk က ရေပန်းစားလာပါတယ် ။ 2010 နောက်ပိုင်းမှာ Facebook Messenger က ဆရာကြီးဖြစ်လာပါပြီ ။ Apple  App Store နဲ့ Google Play Store တို့ရဲ့ Eco System ကြွယ်ဝလာတာနဲ့အမျှ အင်တာနက်သုံးစွဲသူတွေရဲ့အာရုံဟာ iPhone နှဲ့Samsung ဖုန်းတွေပေါ်ရောက်ကုန်ကြပါပြီ ။ လုပ်ငန်းခွင်တွေမှာ ဖုန်းသုံးစွဲမှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ကြပါတယ် ။ အရေးပေါ်အခြေအနေအတွက်ကတော့  ခေါင်းဆောင်ကိုပြောပြီး အလုပ်ကဖုန်းကို တွင်တွင်ကျယ်ကျယ်ပေးသုံးပါတယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ် ။


ကိုညီညီ-တောင်ကြီး

No comments:

Post a Comment