Sunday, September 15, 2013

Drive ( mawdaw car gau sana)






မြန်မာနိုင်ငံနှင့်မတူသော အမေရိကား က လမ်းစည်းကမ်းတွေထဲ က တစ်ခုကို ပြောပြချင်ပါတယ် ။

  •   ကားပူးလမ်း ( Carpool Lane )
        အဝေးပြေးလမ်းမကြီး ( Freeway ) တွေဟာ များသောအားဖြင့် အနည်းဆုံး တစ်နာရီ ၆၅ မိုင်နှုန်းမောင်းရမှာပါ ၊  ( Highway ) ဆိုတာ တစ်မြို့နဲ့တစ်မြို့ကြား အမြန်မောင်းလို့ရတဲ့လမ်းတွေ ကို ခေါ်ပါတယ် ၊ ဖရီးဝေး လမ်းများမှာ ငွေကောက်ခံတဲ့ ( Toll Gate ) တွေ မရှိပါဘူး ၊ သတ်မှတ် ၆၅ မိုင်ထက် ၅ မိုင်လောက်ပိုမောင်းရင် ရဲက သိပ်မဖမ်းလိုပါဘူး ၊ အနှေးမောင်းချင်ရင် ဒါမှမဟုတ် ဖရီးဝေး ကနေ ထွက် ( Exit ) ချင်ရင် ညာဘက်ကပ်လျက်လမ်း ကို  ( Lane Change ) ပြောင်းသွားရပါမယ် ၊ ယျေဘုယျ အားဖြင့် ညာဘက်ကပ်လေလေ နှေးလေလေပါ ။ ကားတွေကို  ဘယ်ဘက်ကနေ ကျော်တက်ကြရတယ် ဆိုတာတော့ အားလုံးသိပြီးသားအတိုင်းပါဘဲ ။
       
        ကားမကြပ်ဖို့ ၊ လမ်းပေါ်ရှိကားတွေလျှော့ချဖို့ ၊ ဓါတ်ဆီသက်သာဖို့တင်မက လေထုထဲ ကာဗွန်ထုတ်လွှတ်မှုသက်သာဖို့ ရည်ရွယ်ပြီးတော့ လူ ( ၂ ) ယောက် ၊ လူ ( ၂ ) ယောက်ထက်ပိုတဲ့ကားများသီးသန့် အမြန်မောင်းနိုင်ဖို့ ဖရီးဝေး နဲ့ ဟိုင်းဝေးလမ်းတွေရဲ့ ဘယ်ဘက်အစွန်ဆုံးလမ်း ကို ( HOV - High Occupancy Vehicle ) လမ်း လို့ သတ်မှတ်ထားပါတယ် ။ ဆိုင်းဘုတ်သင်္ကေတပေါ်မှာ ဒိုင်းမွန်း ( စနွင်းမကင်း အတည့်ပုံ ) နဲ့ ပြပါတယ် ။ လူသိပိုများတဲ့ အခေါ်ကတော့ ကားပူးလမ်း ( Carpool Lane ) ပါ ။ မော်တော်ဆိုင်ကယ် ၊ ဘတ်စ်ကား ၊ ခရီးသည်တင်လေအိတ်ကား တွေကတော့ ကားပူးလမ်းပေါ်အချိန်မရွေးမောင်းလို့ရပါတယ် ။ အရမ်းအဆင်ပြေတာတစ်ခုက ကားလမ်းပိတ်နေတဲ့ အချိန် ၊ ကိုယ့်ကားပေါ်မှာလဲ ဘေးမှာအဖေါ်တစ်ယောက်လဲပါတယ်ဆိုရင် ကားတွေအားလုံး ကို ကားပူးလမ်းက ကျော်တက်သွားရတာ အရသာအရှိဆုံးပါဘဲ ။ ဒီနိုင်ငံရောက်မြန်မာတွေ အများစု လုပ်ငန်းခွင်တူရင် ကားပူးစီးကြပါတယ် ။ အသွား အပြန် ၅ ဒေါ်လာ နဲ့ ၁ဝ ဒေါ်လာကြားပေးပြီးစီးတဲ့ သူတွေရှိသလို သူ့ကားတစ်လှည့် ကိုယ်ကားတစ်လှည့် မောင်းတာတွေလဲရှိပါတယ် ။ ကိုယ့်ကားပေါ်မှာ လူ ( ၃ ) ယောက် အနည်းဆုံးပါရင် ဆန်ဖရန် စစ္စကို တံတားဖြတ်ခကို ဈေးလျှော့ပေးပါတယ် ။

          ရဲကား ရှိမရှိချောင်းကြည့်ပြီး ကားပူးလမ်းတက်မောင်း - ပိတ်နေတဲ့ကားတွေကိုကျော်-ပြီးရင်ညာဘက်လမ်းထဲပြန်ဝင်တဲ့ ကားတွေကို လဲတွေ့ဖူးပါတယ် ။ လူတော်တော်များများ အရေးကြီးနေကြတာမို့လို့ ကားပူးလမ်း ကို ခိုးမောင်းတဲ့သူကမောင်း ၊ ရဲကား က ခန ခန ဖမ်း နဲ့ လျင်သလို လုပ်နေကြတာပါဘဲ ။ မနက် ( ၆) နာရီ ကနေ ( ၁ဝ) နာရီ - ညနေ ( ၃) နာရီ ကနေ ( ၇ ) နာရီ ကြား ကာလတွေမှာ မောင်းသူတစ်ယောက်တည်းပါတဲ့ကား က ကားပူးလမ်း ကို တက်မောင်းလို့ ရဲကား က ဖမ်းမိသွားရင် အနည်းဆုံးဒဏ်ငွေ ၄၉၁ ဒေါ်လာဆောင်ရပါလိမ့်မယ် ။ 
        
        ကားကြပ်တဲ့ဒဏ် ကို ရှောင်နိုင်ဖို့ နဲ့ မတော်တဆ ထိခိုက်မှုမရှိစေဖို့ အလုပ်သွားတဲ့အချိန် အိမ်ကစောစောထွက်တာကတော့ အကောင်းဆုံးပါ ခင်များ ။
       

     

           ကိုညီည်ီ-တောင်ကြီး

No comments:

Post a Comment