Sunday, September 15, 2013

car insurance

အမေရိကားမှာ ကားအာမခံ ထားရှိရပုံကို ပြောပြချင်ပါတယ် ။




         
          အမေရိကားမှာ ပိုင်ဆိုင်ဖို့လွယ်ကူသလောက် ကားအာမခံ ဝယ်ရတာလဲ မခက်လှပါဘူး ။ အမေရိကန် ကညန ( DMV ) မှာ နာမည်ပြောင်းပြီးရင် အဲဒီက ဝန်ထမ်း က  “သင့်ကားမှာ အာမခံ ရှိပြီးသားလား-မရှိသေးရင် သူတပါးထိခိုက်မှုအာမခံ ( Liablity ) အရင်ဝယ်ပြီးမှ ကားစမောင်းပါလို့ ” မှာနေကျပါ ။ ဒါကလဲ ရောင်းသူ နဲ့ ဝယ်သူ ထိပ်တိုက်နာမည်ပြောင်းတဲ့ အခါမျိုးမှပါ ။ ကားဒီလာ ( Auto Dealership ) သို့မဟုတ် ဝယ်ရောင်း နားမှာ ဝယ်ရင် DMV ကို သွားစရာမလိုပါဘူး ။ လိုအပ်တဲ့ စာရွက်စာတမ်းပြည့်စုံအောင်ဖြည့်၊ ငွေပေးချေ၊ စာချုပ်ချုပ်ပြီးရင် ယာယီမောင်းခွင့်သက်သေခံစာရွက်ကို ထုတ်ပေးပါတယ် ။ ၂ ပါတ် ကနေ ၂ လ  အတွင်း အိမ်ကို ကိုယ့်နာမယ်ပေါက်ပြီးသား ကားအုံနာဘုတ်လို့ဘဲခေါ်ခေါ် Pink Slip လို့ဘဲခေါ်ခေါ် Certificate of Title ရောက်လာပါလိမ့်မယ် ။ ယာယီစာရွက်ကပ်ပြီးကားကို Pink Slip မရောက်မချင်းမောင်းလို့ရပါတယ် ။ ဒီလိုမောင်းနိုင်ဖို့ သင့်မှာ ကားအာမခံ ( Auto Insurance ) ရှိရပါမယ် ။


          ကားအာမခံဝယ်တာမပြောခင် 1-800-xxx-xxxx ( ဝမ်းအိပ်ဟန်ဒရက် လို့ ဖတ်ပါတယ် ) ဖုံးနံပါတ်အကြောင်း ပြောပြချင်ပါတယ် ။ ဒီဖုံးကိုဘယ်ကဆက်ဆက် ဆက်သူက ငွေမကုန်ပါဘူး ။ အာမခံရောင်းသူလုပ်ငန်းရှင်ကပေးသွားပါလိမ့်မယ် ။ စကားပြောဆိုပြီးလို့ ဈေးနှုန်းသိပြီးရင်တောင်မှ ချက်ချင်းဝယ်ဖို့မလိုသေးပါဘူး ၊ ခန့်မှန်းခြေကျသင့်ငွေတန်ဖိုး ( Quote ) အရင်ပေးပါလိမ့်မယ် ၊ အဲဒီအတွက် ဘာငွေမှ မပေးရပါဘူး ။ မကြိုက်သေးရင် နောက်ကုမ္ပဏီ တစ်ခုခုကိုထပ်ဆက် ၊ ဈေးကြိုက်တဲ့နေရာမှာဝယ်ရုံပါဘဲ ။ မဝယ်မနေရ မရှိသလို အားနာပြီးဝယ်ဖို့လဲ မလိုပါဘူး ။ ၆လစာ ပရီမီယမ် ပေါ်မှာ ကိုယ်က ငွေအားလုံးကို တခါတည်းအပြတ်ရှင်းပေးမလား၊ တစ်လချင်းပေးမလား ၊ ကိုယ့်သဘောပါဘဲ ။ အကြေချေလိုက်ရင်တော့ $30 လောက်သက်သာတတ်ပါတယ် ။ အကြွေးဝယ်ကဒ်ပြားနဲ့ ရှင်းရင် တစ်လကျသင့်ငွေပေါ်မှာ တစ်ကြိမ်ကို $4 ပိုပေးရတတ်ပါတယ် ။ ဝယ်ပြီးလို့ ပေါ်လစီနံပါတ် ( Policy Number ) ရပြီဆိုတာနဲ့ ကားတက်မောင်း ၊ တစ်ခုခုဖြစ်တာနဲ့ တမ်းလျော်မှာပါ။ အိမ်ကို အာမခံစာရွက်ရောက်ပြီဆိုတာနဲ့ ကားထဲကို တစ်ရွက်ထည့်ထားဖို့မမေ့ပါနဲ့ ။

          ရောင်းသူ ကုမ္ပဏီ က ကိုယ်ရေးအချက်အလက်အပြင် ကားအမျိုးအစား၊ မော်ဒယ်၊ တံခါးလေးပေါက်၊ တံခါးနှစ်ပေါက်၊ ကားအရောင်၊ မောင်းမဲ့လူဦးရေ၊ ကားချက်ဆီနံပါတ် ( VIN- Vehicle Identification Number ) တွေမေးပါလိမ့်မယ် ။ တယ်လီဖုံးနဲ့ စကားမပြောချင်လို့ အွန်လိုင်းမှာဝယ်မယ်ဆိုရင် ပရင်တာတစ်လုံးတော့ ဘေးမှာရှိဖို့လိုပါတယ် ။ ကားမောင်းတိုင်း Auto Insurance Identification Card ကားပေါ်မှာရှိနေရပါမယ် ။ မပါမနေရ ပြည်နယ်ဥပဒေနဲ့ထိမ်းချုပ်ထားတာပါ ။ အခေါ်အဝေါ်တွေကို အရပ်စကားနဲ့ရှုင်းပြရရင် သူတပါးကိုထိခိုက်မိလို့လျော်ပေးတာက Bodily Injury Liability ၊ အိမ်၊လမ်း၊ခြံ၊တိုက်တာအဆောက်အအုံထိခိုက်မိလို့လျော်ပေးတာက Property Damage Liability ၊ ထိခိုက်မိတဲ့လူကိုဆေးကုသစားရိတ်ပေးတာက Medical Expense ၊ ကားတိုက်မိလို့လျော်ပေးတာက Collision ၊ မီး၊ ကားသူခိုး ၊ ရာသီဥတုဒဏ် ဘေးကျရောက်လို့လျော်ပေးတာက Comprehensive ၊ ထိခိုက်မှုကြောင့်ကားကမောင်းလို့မရတော့ရင် ကားကြီးနဲ့လာသယ်ခ Towing and Labor Costs ၊ ကားသော့ပျောက်၊ ဘက်ထရီဒေါင်း၊ လမ်းဘေးထိုးရပ်၊ ဆီပြတ် လို့ ကားအကူလွှတ်ပေးတာက Roadside Assistance တွေဖြစ်ကြပါတယ် ။ ဒီလိုမျိုးအချက်အလက်တွေထဲက ကိုယ်ကားအတွက် အကာအကွယ် ( Coverage ) ကိုက်ညီတာကို ရွေးဝယ်ရပါမယ် ။ အရှေ့မှာပြောခဲ့တဲ့ထဲမှာမပါဘဲနဲ့ အရမ်းအရေးကြီးတာကတော့ အိတ်စိုက်ငွေ  ( Deductible ) ကိုစိတ်ကြိုက်သတ်မှတ်ဝယ်ထားနိုင်ပါတယ် ။ ဥပမာ - ကိုယ်က သူများကားကို အနောက်ကနေ ထိခိုက်မိတယ်ဆိုရင် Liability အရ သူများကားကိုအကောင်းပကတိအတိုင်းပြန်ပြင်(အသစ်လဲ)ပေးမှာပါ ။ ဒါပေမဲ့ ကိုယ့်အမှားလဲဖြစ်နေပြီ-ကိုယ့်ကားခေါင်းလဲထိခိုက်သွားတယ်ဆိုပါတော့- အိတ်စိုက်ငွေ  ( Deductible ) မှာ $500 ကိုယ်က ဝယ်ထားတယ်ဆိုရင် သူများကားကိုအပြည့်အဝလျော်တာကိုယ်နဲ့မဆိုင်ပေမဲ့ ကိုယ့်ကားပြင်တဲ့ကုန်ကျငွေကို $500 နှုတ်ပြီးမှ ကျန်ငွေကိုဘဲစိုက်ပေးမှာပါ ။ အဲဒီတော့ ကိုယ်မှားလို့ ကားအက်စိဒင့်ဖြစ်ရင် $500 ကိုယ်အရင်ကုန်မှာပါ ။ တစ်ခုကောင်းတာက ကိုယ်မမှားဘဲ အတိုက်ခံရတယ်ဆိုရင် ဟိုဘက် ကုမ္ပဏီ က ကိုယ့်ကားကို လျော်ပေးတဲ့ နေရာမှာ ကိုယ်က ဘာမှမကုန်ပါဘူး ။

          တကယ်ဖြစ်ကြပါပြီတဲ့ ၊ ဘယ်လိုရှင်းကြသလဲ မေးစရာရှိပါတယ် ။ အခင်းဖြစ်တဲ့နေရာမှာ ဖြစ်တဲ့ ( များသောအားဖြင့် ) ကား ၂ စီး မောင်းသူချင်း ကားအာမခံပေါ်လစီနံပါတ် နဲ့ လိပ်စာ ၊ လိုင်စင်နံပါတ် ၊ ဖုံးနံပါတ် လဲလိုက်ပြီး ကိုယ့်လမ်းကိုယ်ဆက်သွားရုံပါဘဲ ။ အက်စိဒင့်မကြီးဘူး၊ လမ်းမပိတ်ဘူးဆိုရင် ရဲကားရောက်လာရင်လဲ ဒီအတိုင်းဘဲ အေးအေးဆေးဆေးလုပ်ဖို့မှာပြီး သူ့လမ်းသူဆက်သွားကြတာပါဘဲ ။

              နောက်ဆက်တွဲအနေနဲ့ ၂ ဖက် အာမခံကုမ္ပဏီ တွေက ဖြစ်ပုံကိုဖုံးဆက်မေးပြီး အလျော်ပေးဖို့ကိုယ့်အိမ်ကိုရောက်လာပါတော့တယ် ။ (ကိုယ်မမှားတဲ့ ) ဖြစ်တဲ့ကားကိုမျက်မြင်ကြည့်ပြီး ကားပြင်ကုန်ကျစားရိတ်ကို တွက်ချက်ပြီး ချက်လက်မှတ်ရေးပေးပါတယ် ။ ပေးတဲ့ငွေကိုယူပြီး ကားကိုမပြင်ဘဲထားတဲ့သူတွေ အမေရိကားမှာ အများကြီးပါ ။ တကယ်ပြင်ချင်တဲ့သူတွေကတော့ ကားကုမ္ပဏီကညွှန်ပေးတဲ့ ဘော်ဒီရုံမှာကြိုက်ရင်လဲပြင် ၊ ကိုယ့်စိတ်ကြိုက် ပြင်ရင်လဲ ချက်လက်မှတ်အပြင် အပိုကုန်ကျငွေကို ကိုယ်သွားပြင်တဲ့ဘော်ဒီရုံကို စာတိုက်ကတဆင့်ချက်လက်မှတ်ထပ်ပို့ပေးပါသေးတယ် ။


                တိုက်မောင်းပြေးအမှုကို Hit and Run လို့ခေါ်ပါတယ်။ ဒီအတွက်လဲလျော်မှာပါ ။ အလျော်အစားအနည်းအများက ဘယ်လောက်ထိခိုက်မိလဲဆိုတာပေါ်မူတည်ပါတယ် ။ ဒီနိုင်ငံမှာ ကားဝယ်မဲ့မြန်မာများကိုမှာချင်တာကတော့ ကားထိခိုက်မှုဖြစ်ပြီဆိုတာနဲ့ တွေ့ရာစာရွက်မှာ ကားနံပါတ်ကောက်မှတ်လိုက်ပါ၊ စာရွက်အလွယ်တကူမရှိဘူးဆိုရင် လက်ကိုင်ဖုံးနဲ့ တစ်ဘက်က ကားနံပါတ်ပြားကို ဓါတ်ပုံအရင်ရိုက်ထားလိုက်ပါ၊ ဒါဆိုအလျော်ရဖို့တိုင်းပြည်တစ်ဝက်သေချာသွားပါပြီ ။

          မြန်မာတွေကြားမှာအလွယ်ပြောတာက အာမခံကို တစ်ဘက်ဘဲဝယ်ထားတယ်ဆိုတာ က သူများကားကိုဘဲလျော်လိမ့်မယ်-ကိုယ့်ကားကိုယ်ပြင် လို့ပြောတာပါ ။ နှစ်ဘက်အပြည့်ဝယ်ထားတယ်ဆိုတာက သူများကားလဲလျော်ပေးမယ်၊ ကိုယ့်ကားထိခိုက်တာကိုလဲ လာလျော်လိမ့်မယ်လို့ဆိုလိုတာပါ ။ ထားပါတော့-ကိုယ်ကမှားပြီးသူများကားကိုတိုက်မိတယ်ဆိုရင် အာမခံကုမ္ပဏီက နှစ်ဘက်လုံးကိုလျော်ပေးမှာကိုစိုးရိမ်စရာမလိုပါဘူး။ ကိုယ်မှားတာမို့လို့ နောက် ၆ လ ပရီမီယမ် မှာ ဈေးပိုပေးဝယ်ရပါတော့မယ် ။ ထိခိုက်မှုက $750 တန်ဖိုးကျော်ရင် ကိုယ့်ဖာသာကိုယ် ဖေါင်ဖြည့်ပြီး DMV ကို အကြောင်းကြားစာပို့ရပါမယ် ။ ဒီလို DMV မှတ်တမ်းဝင်သွားပြီးရင် နောက် ၃ နှစ် အတွင်းနောက်ထပ်အမှားအယွင်းထပ်မလုပ်မှ မှတ်တမ်းကနေ ပယ်ဖျက်ပေးပါလိမ့်မယ် ။

          အမေရိကား ကားပိုင်ဆိုင်ခွင့်ပုံစံက ကားအာမခံ မပါမနေရ ဆိုတော့ အာမခံကုမ္ပဏီတွေက အရမ်းမြတ်ကြတယ် ။ ဘယ်လိုလဲစဉ်းစားစဉ်းစား ကားအစီး ၁ဝဝ ကို အာမခံရောင်းပြီးသွားတဲ့အချိန်မှာ ကား ၁ဝ စီး က ထိခိုက်မှုဖြစ်လို့လျော်နေရတယ်ဆိုတာတောင် ၉ဝ% ကျန်ပါသေးတယ် ၊ အစိုးရကို ၄ဝ% အခွန်ဆောင်ဦးတော့ ၅ဝ% ခန့် မြတ်နေတုန်းပါ ။ အစိုးရကလဲ အဲဒီအခွန်ငွေတွေနဲ့ လမ်းပြင်၊ တံတားဆောက်ပါတယ် ၊ အာမခံကုမ္ပဏီ တွေကလဲ လူမှုထောက်ပံ့ဖူလုံရေးတွေ ဆက်တိုက်လုပ်နေကြပါတယ် ။ 

                  ဘယ်ကားပိုင်ရှင်ကမှ ကိုယ့်ကားထိခိုက်အောင်မောင်းလိုကြတာမဟုတ်လို့ကတစ်ကြောင်း ၊ ကြီးကြီးမားမား လမ်းစည်းကမ်း ချိုးဖောက်မှုနည်းတာကတစ်ကြောင်းကြောင့် မော်တော်ကားအာမခံကုမ္ပဏီတွေကတော့ ပန်းပန်လျက်ပါဘဲ ။ ဥပဒေအရ လူမထိခိုက်ဖို့နဲ့ ထိခိုက်မိရင်လဲ မလျော်နိုင်မဖြစ်ရလေအောင် ကာကွယ်ပေးထားတော့ အာမခံဝယ်ထားတဲ့ကားကိုမောင်းရတာ စိတ်လုံခြုံမှုပိုရှိတယ်ဆိုတာကိုတော့ဝန်ခံပါရစေ ။ တစ်ရာပေးပြီးဝယ်ထားတဲ့ကားကိုပြန်ရောင်းရင်ရှစ်ဆယ်လောက်ပြန်ရနိုင်ပေမဲ့ မပေးလို့လဲမရ၊ ပေးလိုက်သမျှလဲဘယ်တော့မှပြန်မရတာကတော့ အမေရိကား က ကားအာမခံငွေပါဘဲခင်များ ။


ကိုညီညီ-တောင်ကြီး

No comments:

Post a Comment