Sunday, September 15, 2013

ကားအဟောင်းဝယ်မှာလား ၊ အသစ်ဝယ်မှာလား ?

ကားအသစ်အကြောင်းနည်းနည်း ပြောပြလိုပါတယ် ။

          ကားအဟောင်းဝယ်မှာလား ၊ အသစ်ဝယ်မှာလား ?



ပုံ ၁
မြန်မာအများစုနေထိုင်သော Fremont မြို့နားက Piercey – Toyota Dealership Store Front



                သုံးပြီးသားကားတွေ ပြန်ရောင်းတာ အမေရိကားမှာ အများကြီးပါ ၊ ကားကိုယ်စားလှယ်ရုံး ( Dealership )  ( ပုံ ၁ ) တွေက ကားအသစ်တွေ ဒါရိုက်ရောင်းသလို ကားအဟောင်းတွေကို လဲ ဝယ်ရောင်းလုပ်ပါတယ် ။ ကိုယ်စီးနေတဲ့ ကားကိုလဲပြီး ကားအသစ်ဝယ်ချင်ရင် ဒီလာ ဆီမှာ ကိုယ်လိုချင်တဲ့ကား လက်ညှိုးထိုးပြီး ကားအဟောင်းကို လက်ငင်းချငွေသား ( Down Payment ) အဖြစ်ထားခဲ့လိုက်ရုံပါဘဲ ၊ တစ်ခုရှိတာက အဲဒီလိုမျိုး ကိုယ့်ကားအဟောင်းကို ဒီလာ မှာရောင်းခဲ့ရတာ ဈေးနည်းနေတတ်ပါတယ် ၊ ဒါပေမဲ့ အဆင်ပြေတာကတစ်ကြောင်း ၊ ကားအဟောင်းရောင်းထွက်ဖို့ အခက်အခဲရှိမှာကတစ်ကြောင်း ဝယ်သူ က ထိုးအပ်ခဲ့တာများပါတယ် ၊ စာရွက်စာတမ်း စစ်ဆေး - စာချုပ်မှာလက်မှတ်ထိုး - ငွေပေးချေပြီင်္း အသစ်ကလေးမောင်းပြန်လာရုံ ဆိုတော့ အချိန်ကုန်သက်သာ လူမပင်ပန်းတာမို့ တော်တော်များများ ဒီလိုဘဲ လုပ်ကြပါတယ် ။


                 အဓိက စစ်ဆေးရမှာက အာမခံ ( Warranty ) မှာ ဘာတွေအကျုံးဝင်သလဲ ဆိုတာကိုပါ ။ တိုယိုတာ မော်ဒယ်အများစု မှာ အခြေခံ အာမခံ ( Basic Coverage ) က မိုင် ၃၆ဝဝဝ (သို့) ၃ နှစ် နဲ့ ( Powertrain Warranty ) မိုင် ၆ဝဝဝဝ (သို့) ၅ နှစ် ပေးထားပါတယ် ။ အပြည့်အစုံပြောရရင် ကားမိုင်းလစ် ( Milage ) ၃၆ဝဝဝ မပြည့်ခင်အထိ သို့မဟုတ် ကားဝယ်ခဲ့တဲ့သက်တမ်း ၃ နှစ် ဘယ်တစ်ခုအရင်ရောက်ရောက် ကားဘယ်အစိတ်အပိုင်းပျက်ပျက်ပြင်ပေးမှာပါ ၊ မိုင် ၆ဝဝဝဝ နဲ့ ၅ နှစ်အတွင်းကိုတော့ အင်ဂျင်နဲ့ဂီယာပေါက်ပျက်ရင် ချက်ချင်းပြန်ပြင်ပေးမှာပါ ၊ ထူးခြားတဲ့နောက်တစ်ခုက မိုင်ကြိုက်သလောက်မောင်းပါစေ ၅ နှစ်အတွင်း သံချေးမတက်ဘူးလို့ အာမခံထားတာပါဘဲ ။ ဒီမှာပြင်တာနည်းပါတယ်-အသစ်လဲတပ်ပေးလိုက်တာပါများပါတယ် ။ ကားကိုယ်စားလှယ်ရုံး ( Dealership ) က ကားပြင်ခ ကို ဘောက်ချာဖွင့်ပြီး ကားထုတ်လုပ်တဲ့ကုမ္ပဏီ ကို ပြန်တောင်းရတဲ့စံနစ်မျိုးပါ ။ ကားကြံ့ခိုင်မှု စစ်ဆေးဖို့ မိုင်းလစ် ၅ဝဝဝ တိုင်း အီးမေး သို့မဟုတ် စာပို့ပါတယ် ၊ ကားအသစ်ကို မိုင်းလစ် ၁ဝဝဝဝ မှ အင်ဂျင်ဝိုင် လဲခိုင်းပါတယ် ၊ တာယာ က မိုင်းလစ် ၂ဝဝဝဝ မှ လဲဖို့မှာထားပါတယ် ၊ ကျွန်တော့ကား မိုင်းလစ် ၂၄ဝဝဝ ရှိပြီ တာယာ က အကောင်းကြီးရှိပါသေးတယ် ။ 


                    ကားဒီလာကြီးတွေက ချမ်းသာကြတော့ ဆားဗစ်တွေက ရှယ်ပါဘဲ ။ ကားပြင်ချင်ရင် အွန်လိုင်းပေါ်မှာ ရက်ချိန်း ( Appointment ) ရပါတယ် ၊ ဒါမှမဟုတ် ဖုံးဆက်ရက်ချိန်းတောင်းလိုက်ရုံပါဘဲ ။ ဒီလာရုံးမှာ ကားထိုးလိုက်တယ်ဆိုရင်လဲ အေးဂျင့်တစ်ယောက်ရောက်လာပြီး ကားယူသွားပါလိမ့်မယ် ၊ ကိုယ်က ကော်ဖီသောက်-မုန့်စားရင်း-ဖရီးအင်တာနက်သုံးပြီးစောင့်ရင်စောင့် ဒါမှမဟုတ် ကိုယ်သွားချင်တဲ့နေရာကိုပြောပြရင် နောက်ဆုံးပေါ်ပေါင်မုန့်ကား ( Shuttle Van )  နဲ့ လိုက်ပို့ပေးပါတယ် ၊ ကားပြင်ပြီးတဲ့ အချိန်ကျရင်လဲ ကိုယ်ရှိမယ့်နေရာကိုပြန်လာကြိုပေးနေကျပါ ။ ကျွန်တော်ကတော့ စနေနေ့ ၁၁ နာရီလောက်ချိန်းလိုက်ပြီး ရှော့ပင်းမော တစ်ခုခု ကို ပို့ခိုင်းပြီး ပြန်လာကြိုခိုင်းရတာကို တော်တော်သဘောကျပါတယ် ။



ပုံ ၂
ကားပိုင်ဆိုင်မှုစာရွက် -Owner Book - Pink Slip


                 ကားဝယ်ပြီးလို့ပြီးခါနီးမှာ ကားအုံနာဘုတ် ( ပုံ ၂ )  က အမေရိကန် ကညန ( DMV-Department of Motor Vehicles ) က စာတိုက်ကနေပို့လာမယ့်အကြောင်းနဲ့ သူတပါးထိခိုက်မှုအာမခံ ( Liability ) ရှိထားဖို့သတိပေးပါတယ် ၊ ကားအသစ်လမ်းပေါ်မတက်ခင် အိမ်ကိုမောင်းပြန်ဖို့ တစ်ရက်စာ အာမခံ ကို ၁၉ ဒေါ်လာ  နဲ့ ရောင်းပေးပါတယ် ။ ကျွန်တော့်တုန်းက ကားမဝယ်ခင်တစ်ရက် ဒီလာကို ဝယ်မယ့်ကားရဲ့ VIN ( Vehicle Identification Number ) နံပါတ် ဖုံးဆက်တောင်းလိုက်ပြီး အာမခံကြိုဝယ်ထားလိုက်ပါတယ် ။ ကားမှတ်ပုံတင်စာရွက် ( ဝှီးတက် ) ကို ကားထဲထည့်ထားရမယ်လို့ စာရွက်မှာ ညွှန်ကြားထားပါတယ် ။ ( ပုံ ၃ )



ပုံ ( ၃ ) ကားမှတ်ပုံတင်စာရွက် ( ဝှီးတက် ) 


                 အမေရိကားရောက်မြန်မာများက အစပိုင်းကားမောင်းခါစ ကားအဟောင်းဘဲစီးကြပြီး ဒုတိယ နဲ့ တတိယအစင်းကျမှ ကားအသစ်ဝယ်စီးကြတာများပါတယ် ။ မြန်မာပြည်မှာ မစီးခဲ့ရလို့အသစ်စီးချင်တာထက်စာရင်  ကားအသစ်ရဲ့အားသာချက်က ကားမပျက်တာပါ ၊ ဒီနိုင်ငံမှာ ကားပျက်တာ အလုပ်ပျက်တာနဲ့အတူတူပါဘဲ ။ ကားဖိုးအကုန်ပေးစရာမလိုတဲ့ အကြွေးဝယ်အစီအစဉ်တွေက စားသုံးသူတွေကို ကားသစ်ဝယ်ဖို့အမြဲဆွဲဆောင်နေပါတယ် ၊ ဥပမာ-2013 Camry LE Basic Edition ကို $22680 ဈေးဖွင့်ထားပေမဲ့ ကိုယ်က $5000 လက်ငင်းပေးပြီး ကျန်ငွေကို ၃၆ လ သို့မဟုတ် လ ၆ဝ အရစ်ကျပေးချေတဲ့ပုံစံမျိုးပါ ။ ကျန်ငွေ $17680 ကို အစိုးရအခွန် ( ခန့်မှန်ခြေ ၁ဝ% ) နဲ့ ကညန ( DMV ) ကြေး $1000 ခန့် ပေါင်းပြီး လ ၆ဝ ငွေတိုးမဲ့ အရစ်ကျပေးလို့ရပါတယ် ၊ ကားဝယ်တဲ့သူက လစဉ် $365 လောက်မှန်မှန်သွင်းပေးသွားရင် ဘာပြသနာမှမရှိပါဘူး ။ ကားဝယ်မယ့်သူရဲ့ အကြွေးပြန်ဆပ်နိုင်တဲ့အဆင့်အတန်း ( Credit Score ) ကတော့ အနည်းဆုံး ၆၅ဝ ရှိရပါမယ် ။ တနည်းအားဖြင့် ကားဝယ်မယ့်သူရဲ့ အလုပ်တစ်ခုထဲမှာ ၂ နှစ် မပြတ်တမ်းလုပ်ထားတဲ့ သက်သေပါ လိုပါတယ် ။


                 အရမ်းကောင်းတာ တစ်ခုပြောဖို့ကျန်ပါသေးတယ် ။ ကားသက်တမ်းတိုးဖို့ ကညန ( DMV ) မှာ ကားတန်းစီစရာမလိုပါဘူး ၊ ကားမောင်းသွား ပြဖို့ ကို မလိုတာပါ ၊ သက်တမ်းမကုန်ခင် ၃ လ အလို အိမ်ကိုစာရောက်လာပါလိမ့်မယ် ၊ အဲဒီမှာပါတဲ့ အမှုတွဲနံပါတ်နဲ့ အွန်လိုင်းပေါ်က ငွေသွင်းသွင်း ၊ အပြန်စာအိတ်ထဲ ချက်လက်မှတ်ထည့်ထည့် ပေးချေရတာလွယ်ကူပါတယ် ၊ ငွေသားထည့်ပေးလို့မရပါဘူး ။ ၁ဝ ရက်လောက်ကြာတော့ လက်ခံစာရွက်နဲ့နောက်တစ်နှစ်အတွက် ကပ်ခွာ ( Label Sticker ) ပို့လာပေးရင် ကားနောက်နံပါတ်ပြားပေါ်မှာ ကပ်ထားလိုက်ရင် သက်တမ်းတိုးတာ အကုန်ပြီးသွားပါပြီ ။


ကားအသစ်ဝယ်စီးတဲ့မြန်မာတွေ ဆိုရိုးစကားရှိကြတာက “ကားသစ်ဝယ်စီးရင် ပြန်ရောင်းတဲ့အခါ နည်းနည်းရှူံးချင်ရှူံးမယ် - ဒါပေမဲ့ ၅ နှစ်အတွင်းဘာမှလှည့်ကြည့်စရာမလိုဘူး “ ဆိုတာပါဘဲခင်များ ။

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကားအသစ်များများဝယ်စီးနိုင်ကြပါစေ ။



ကိုညီညီ-တောင်ကြီး

No comments:

Post a Comment