Sunday, September 15, 2013

Banking ( Gumhpraw dum de )


 
Banking
  
                  မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းများတွင်ကျယ်လာတာနဲ့အမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်တာကို အခု မျက်မြင်ကြုံတွေ့နေရပါပြီ ၊ နေရာတိုင်း ငွေသားလက်ငင်းပေးချေစံနစ်ကနေ ဒစ်ဂျစ်တယ်ဘဏ်စံနစ် ( Digital Banking ) ကို အကျွမ်းဝင်ဖို့အတွက် အသွင်ကူးပြောင်းရေးကာလတစ်ခုကို ကျွန်တော်တို့အားလုံးစောင့်မျှော်နေခဲ့ကြရတာပါ ၊ ရော့နဂါး - ရော့ပတ္တမြား ငွေချေစံနစ် ( Physical Payment ) အရ ငွေသားသယ်ယူပေးချေမှုဟာ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေအတွက် စွန့်စားမှု ( Risk ) တစ်ခုဖြစ်လာနေပါတော့တယ် ၊ ဒီနေရာမှာ အတုယူလိုသူများအတွက် ဗဟုသုတ ရရန်အလို့ငှာ အမေရိကားကဘဏ်စံနစ် ( Banking System ) ကို ကျွန်တော်သိထားသမျှ ရှင်းလင်းတင်ပြပေးလိုပါတယ် ။
         

           အမေရိကန်နိုင်ငံငွေကြေးစံနစ်မှာ အကြီးဆုံးငွေစက္ကူယူနစ်က အကြီးဆုံး ၁ဝဝ တန်ဖြစ်သော်ငြားလည်း အသုံးအများဆုံးက ဒေါ်လာ ၂ဝ တန်ဆိုဒ်ပါ ၊ မြန်မာငွေ ငါးသောင်းကျပ်ဆိုတဲ့ပမာဏ ဟာ ဗမာအချင်းချင်း ငွေပေးငွေယူလုပ်ဖို့ အိပ်ကပ်ထဲမှာပါနိုင်ပေမဲ့ အမေရိကန်မှာ ၁၅ ဒေါ်လာလောက်ကို ဘောင်းဘီအိပ်ကပ်ထဲပါတဲ့သူရှားပါတယ် ၊ ငွေသား ( Cash ) ပေးရမယ့်ကိစ္စတွေမှာ အရမ်းကသိကအောက်ဖြစ်ခံပြီးတော့ကို မဆောင်ကြတာပါ ၊ ဘယ်နေရာရောက်ရောက် ငွေခြေစရာ ( Payment ) ၅ ဒေါ်လာကျော်ရင် အကြွေးဝယ်ကဒ်ပြား ( Credit Card ) သုံးလိုက်ရုံဆိုတော့ ငွေသားမဆောင်တာ အန္တရယ်ကင်းတယ်လို့ ယူဆထားပုံရပါတယ် ။


          ဘဏ်မှာ စာရင်းရှင် ( Checking Account ) ဖွင့်ရင် ငွေတိုးမရပါဘူး ၊ အလုပ်အတွင်ကျယ်ဆုံးအကောင့်အမျိုးအစားပါ ၊ လူကိုယ်တိုင်ဘဏ်ကိုသွားဖွင့်လို့ရသလို အွန်လိုင်းပေါ်ကနေဖွင့်ရတာလွယ်ကူပါတယ် ၊ လိုအပ်တဲ့ အချက်အလက်တွေက နာမည် ၊ အိမ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ အီမေးလိပ်စာ ၊ မွေးနေ့သက္ကရာဇ် နဲ့ နိုင်ငံသားသက်သေခံကဒ်ပြား ( Country of Citizenship ) တို့ဘဲဖြစ်ပါတယ် ၊ ပေးထားတဲ့အကွက်တွေဖြည့်ပြီးခါနီးမှာ ကျောင်းသားဖြစ်ရင် ထပ်တောင်းတဲ့အချက်အလက်တွေကိုထပ်ဖြည့်ရပါလိမ့်မယ် ၊ အမြဲတမ်းနေထိုင်ခွင့် ( Alien Registeration Card / Green Card ) မရှိသေးရင် မြန်မာနိုင်ငံကူးလက်မှတ်နဲ့ဖွင့်လို့ရပါတယ် ၊ ကနဦးငွေသွင်းထားဖို့ကတ်သတ်ချက်မရှိပါဘူး ၊ ဒေါ်လာ ၁ဝဝ လောက်သွင်းလိုက်ရင်အဆင်ပြေပါပြီ ၊ ချက်လက်မှတ် ၄ စောင်ခန့် နဲ့ ကိုယ့်ငွေကိုယ်သုံးတဲ့ကဒ်ပြား ( Debit Card ) ထုတ်ပေးတဲ့အချိန်မှာ ဒီကဒ်ပြားကို ငွေသွင်းငွေထုတ်လုပ်ဖို့ လျို့ဝှက်နံပါတ် ( Password ) ထည့်သွင်းပေးလိုက်ရင်ဘဲ အကောင့်ဖွင့်တာ ပြီးစီးပါပြီ ၊ အွန်လိုင်းက လုပ်တာဆိုရင်တော့ စာတိုက်ကနေ အိမ်ကို ဘဏ်ကဒ်ပို့လာရင် ဘဏ်ကဒ်အသစ်ရဲ့နောက်ကျောမှာပါတဲ့ဖုံးနံပါတ်ကိုဆက်ပြီး ကဒ်လိုင်းဖွင့် ( Activate ) ဖို့လိုပါတယ် ၊ ဒေါ်လာ ၅ဝဝ ထက်မများရင် နီးစပ်ရာ ATM မှာ ငွေသွင်းပြီးသုံးလို့ရပါပြီ ၊ ဘဏ်တစ်ခုထဲအောက်မှာရှိတဲ့ မိသားစုဝင် သို့မဟုတ် သူငယ်ချင်းများရဲ့အကောင့်ကနေလွှဲယူ ( Transfer ) ပြီး သုံးစွဲလို့လဲရပါတယ် ၊ ငွေရှင်းကောင်တာ ( Register Station ) တစ်ခုခုမှာ Debit Card သုံးရင် ကိုယ့်ရဲ့ Password ( PIN နံပါတ်လို့လဲခေါ်ပါတယ် ) ကို နံပါတ်ပါတဲ့စက်ကလေးပေါ်မှာ ရိုက်သွင်းပေးမှ ငွေချေခြင်း ( Transation ) အောင်မြင်တာပါ ၊ ဆိုလိုတာက ပင်နံပါတ်မေ့နေရင် သုံးလို့မရပါဘူး ၊ Debit Card ရဲ့အားသာချက်တစ်ခုက ကုန်ပစ္စည်းရောင်းတဲ့ဆိုင်တော်တော်များများမှာ ဈေးဝယ်ရင်း ငွေသားထုတ်လို့ရတာပါ ၊ ဥပမာ - ၉ ဒေါ်လာတန် ပစ္စည်းဝယ်ပြီး ငွေသား ဒေါ်လာ ၄ဝ ထုတ်ချင်ရင် ကောင်တာမှာ ငွေပြန်ထုတ်တဲ့ခလုတ် ( Cash Back ) ကို နှိပ်လိုက်ပြီး အရောင်းဝန်ထမ်း ( Casher ) ကို ပြောလိုက်ရင် ကွန်ပျူတာ ( System ) က ၄၉ ဒေါ်လာနှုတ်သွားပြီး ကောင်တာက ငွေသား ၄ဝ ထုတ်ပေးမှာပါ ၊ ဒီလိုအဆင်ပြေတာမို့ တကူးတက ဘဏ်ကိုသွားစရာမလိုပါဘူး ၊ ဒီလိုမျိုး ကောင်တာမှာဝယ်တာနဲ့ အထူးသဖြင့် ဓါတ်ဆီဆိုင် ( Gas Station ) တွေမှာဝယ်ရင်း ပင်နံပါတ် အခိုးခံ ( Indentity Theft ) ရနိုင်တာကတော့ Debit Card ရဲ့ အားနည်းချက်ပါ ။


          ငွေစုစာရင်းရှင် ( Saving ) ဖွင့်ရင် ရတဲ့ငွေတိုးက အရမ်းနည်းပါတယ် ၊ ငွေစုသူနည်းပါးပြီး ငွေပိုသူအများစုက စတော့ရှယ်ယာ နဲ့ ငွေတိုက်စာချုပ်တွေမှာ ရင်းနှီးမြုပ်နှံကြတာပါ ။


          အကြွေးဝယ်ကဒ်ပြား ( Credit Card ) လျှောက်ထားနိုင်ဖို့ အကြွေးအချိန်မှန်ပြန်ဆပ်နိုင်သည့်စွမ်းအားနံပါတ် (Credit Score ) လိုပါတယ် ၊ အမေရိကားကိုရောက်တာမကြာသေးသူဖြစ်ရင် ( Credit Card ကိုင်ဆောင်နိုင်ဖို့အခက်အခဲရှိတယ် ၊ Debit Card ကိုဘဲ မှိန်းသုံးရင် တစ်နှစ်ကျော်လောက်မှ Credit Card ဖွင့်ဖို့အဆင်သင့်ဖြစ်လာကြတာပါ ၊ ဘဏ်တွေမှာမတူတဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ် ( Promotion Program ) အရ ဒေါ်လာ ၁ဝဝဝ လောက်နဲ့ Credit Card ဖွင့်ပြီး ကိုယ့်ရဲ့ Credit Score ကို တည်ဆောက်လို့ရအောင်လုပ်ပေးထားပါတယ် ၊ သုံးငွေအကြွေးကိုအချိန်မှန်ပြန်ဆပ်ရင်း နောက်များမကြာမီ Credit Card ဖွင့်နိုင်ပြီလို့ ဘဏ်က ကမ်းလှမ်းစာရောက်တာရင်တော့ အဆင်ပြေသွားပါပြီ ၊ Visa Card ကိုသုံးစွဲတာများပြီး အွန်လိုင်းဘဏ်တချို့ Master Card သုံးပါတယ် ၊ ကိုယ့်ရဲ့ Credit Score ကိုလဲ မစစ် - ကိုယ်နဲ့လဲ မသိဘဲအိမ်ကို ကဒ်ဖွင့်နိုင်တဲ့အကြောင်းစာတွေ ခန ခန ရောက်လာတတ်တဲ့အထဲမှာ နာမည်အကြီးဆုံးက Capital One On Line Back ပါ ၊ ဒီဘဏ်ကစာ စရပြီဆိုရင်ဒေါ်လာ ၅ဝဝ အထိသုံးစွဲခွင့်ရှိပြီး ရက် ၃ဝ နဲ့ ၄၅ ရက် အတွင်း ငွေပေးချေနိုင်ရင် အဆင်ချောသွားပါပြီ ၊ နှစ်စဉ်ကြေးမပေးရပါဘူး ၊ ကောင်တာမှာငွေရှင်းရင် မှတ်ပုံတင် ( ID Card ) သို့မဟုတ် လိုင်စင်ပြရမှာပါ ၊ အွန်လိုင်းကနေဈေးဝယ်ရင် ကဒ်နံပါတ် ( Visa – Master Card ဂဏန်း ၁၆ လုံး ) နဲ့ သက်တမ်းကုတ်ဆုံးရက် ( Expiry Date ) အပြင် ကဒ်ပြားနောက်မှာပါတဲ့ CVV နံပါတ် ( ဂဏန်း ၃ လုံး ) ကိုပါထည့်သွင်းပေးရမှာပါ ။


          ချက်လက်မှတ်ကို ဘေဆောင်တာ ၊ ငွေပေးချေတာ နဲ့ စာတိုက်ကနေ ပို့ဆောင်ငွေချေတဲ့နေရာတွေမှာသုံးပါတယ် ၊ Checking Account ဖွင့်ဖွင့်ချင်း ချက်လက်မှတ်နမူနာ ရတုန်းမှာ ချက်စာအုပ်မှာကြားလို့ရနိုင်ပါတယ် ၊ ကုန်ကျစားရိတ်က ၂၅ ရွက်ပါ ၃ အုပ်ကို ၁၉ ဒေါ်လာပါ ၊ အွန်လိုင်းကနေမှာရင် သက်သာတဲ့ပုံနှိပ်တိုက်တွေရှိကြပါတယ် ၊ ကိုယ့်နာမယ် နဲ့ ခင်ပွန်း/ဇနီး နာမည် ၊ အိမ်လိပ်စာ အပြင် ကိုယ်ကြိုက်တဲ့ပုံလှလှလေးတွေကိုလဲစိတ်ကြိုက်ရွေးခွင့်ရသလို ချက်စာအုပ် ၅ အုပ် ကို မှ ၁၁ ဒေါ်လာဘဲ ပေးရတတ်ပါတယ် ၊ လုပ်ရိုးလုပ်စဉ်အတိုင်း ကိုယ်ကသူများကိုပေးရင် ချက်လက်မှတ်စာမျက်နှာအလှဖက်မှာ ကိုယ့်ရဲ့ထိုးမြဲလက်မှတ်ပါမှ ငွေထုတ်ခွင့်ရှိမှာပါ ၊ ကိုယ်က သူတပါးချက်လက်မှတ်ကိုထုတ်ချင်ရင် နောက်ကျောမှာ ကိုယ့်လက်မှတ်ထိုး - အကောင့်နံပါတ်ရေးပေးလိုက်မှ စိတ်ချရမှာပါ ။


          ဝန်ဆောင်ခအနေနဲ့ကတော့ စာရင်းရှင်အပ်ငွေ ၊ ငွေစုစာအုပ် နဲ့ Debit Card တို့ဖွင့်ရင် မပေးရပါ ၊ Credit Card ကျတော့ ဘဏ်ကိုလိုက်ပြီး ပေးရတာမျိုးရှိပါတယ် ၊ ပြီးတော့ ကိုယ်သုံးစွဲခဲ့တဲ့ထဲ့ကမှ ဓါတ်ဆီဝယ်ရင် ၃ ရာခိုင်နှုန်း ၊ စားသောက်ဆိုင်မှာသုံးစွဲခြင်းနဲ့ ခရီးသွားလက်မှတ်ဝယ်ရင် ၂ ရာခိုင်နှုန်း နဲ့ ကျန်တာဘယ်နေရာသုံးသုံး ၁ ရာခိုင်နှုန်း ကိုယ်သုံးစွဲသမျှပေါ်မူတည်ပြီး ရာနှုန်းစားပြန်ပေးကြတာမျိုးရှိပါသေးတယ် ၊ Credit Card ထဲက ငွေသားချက်ချင်းလက်ငင်း ချေးယူနိုင်တာမို့လို့ ငွေတိုးဈေးကြီးပေးရတတ်ပါတယ် ၊ ဘဏ်အမျိုးမျိုးက အခွင့်အရေးပေးတာကွဲပြားနေတာကြောင့် Credit Card မှာ နှစ်စဉ်ကြေးပေးရမယ့် ပရိုရဂမ်ကို မရွေးမိအောင်သတိထားရမှာပါ ၊ အခမဲ့သုံးစွဲခွင့်ပေးတဲ့ ကုမ္ပဏီရဲ့ Credit Card ကို ရှာနိုင်ရင်တော့ အဆင်ပြေပါပြီ ။ အခြားကုန်ကျမှုက Debit Card ရဲ့သဘောသဘာဝ ကိုယ့်ငွေကိုယ်ပြန်သုံးတာဖြစ်လို့ ငွေမရှိဘဲကဒ်ဆွဲမိရင် မလောက်ငတဲ့ငွေကို ဘဏ်ကစိုက်ပေးလိုက်ရတဲ့အခါမျိုးမှာ ဒဏ်ငွေ ( Insufficient Fund  Charges ) ၃၅ ဒေါ်လာဆောင်ရပါပြီ ၊ ကိုယ့်စာရင်းရှင်အကောင့်မှာ ငွေမလောက်ဘဲ ကိုယ့်ချက်လက်မှတ်ကို သူတပါးကိုပေးမိလို့ သူကလဲ ဘဏ်မှာသွားထုတ်မိရင် ချက်ပြန်ကန် Check Bounce  ဖြစ်ပြီး ချက်ရေးပေးသူက ၃၅ ဒေါ်လာနဲ့ မသိဘဲ ထုတ်မိသူက ၁၂ ဒေါ်လာဆောင်ရမှာပါ ၊ ချက်လက်မှတ်အပေါ်အားထားယုံကြည်တဲ့ သုံးစွဲသူတွေရဲ့ ဝိုင်းဝန်းအားပေးမှုကြောင့် အမေရိကန်ဘဏ်စံနစ်အောင်မြင်တယ် လို့ ယုံကြည်မိပါတယ် ။

         
             နောက်ဆုံးပေါ်အနေနဲ့ကတော့ အမေရိကားဦးဆောင်ဘဏ်တွေဖြစ်တဲ့ Bank of America နဲ့ Chase ဘဏ်တွေက iPhone နဲ့ Android ဖုန်းတွေမှာ ဝန်ဆောင်မှုပေးလာကြပါပြီ ၊ ဖုန်း App ကိုဖွင့် ၊ Log In ဝင် ၊ Deposit ကိုသွားပြီး ချက်လက်မှတ်ရဲ့စာမျက်နှာ ၂ ဖက်စလုံးကို ဓါတ်ပုံရိုက်ပို့လိုက်ရုံနဲ့ သွင်းငွေကို ၂၄ နာရီအတွင်း သုံးစွဲခွင့်ရှိပါပြီ ၊ ငွေတောင်းခံလွှာဘေ ( Bill ) ဆောင်ဖို့လဲလွယ်ကူအောင်ပြထားပါတယ် ၊ Pay Bill ကိုသွား ၊ ဘေမှာပါတဲ့ ငွေတောင်းခံတဲ့ကုမ္ပဏီအချက်အလက်တွေထည့်ပြီး အတည်ပြု ( Confirm ) လုပ်ပြီး ပို့လိုက်ရုံပါ ၊ Chase ဘဏ်မှာ Chase QuickPay ဆိုတဲ့ အမြန်ငွေပို့စံနစ်တစ်ခုက လုပ်ငန်းတွင်စေပါတယ် ၊ ငွေလက်ခံသူအီးမေးနဲ့ဖုန်းနံပါတ်သိရုံနဲ့ လက်ကိုင်ဖုန်းပေါ်ကနေ ၁၉၉၉ ဒေါ်လာအထိအမြန်လွှဲပြောင်းပေးနိုင်သလို ငွေလဲတောင်းခံနိုင်ပါတယ် ၊ နိုင်ငံရပ်ခြားနဲ့ အရေးကြီးငွေပေးချေမှုတွေအတွက်စီစဉ်ထားတဲ့ ကြေးနန်းငွေလွှဲပြောင်းစံနစ် ( Wire Transfer ) ကို သုံးချင်ရင်တော့ Chase ဘဏ်အင်တာနက်စာမျက်နှာမှာ ကြိုတင်စာရင်းပေးသွင်း ( Enroll ) ထားဖို့လိုပါမယ် ၊ App တွေက Wi – Fi နဲ့ ဆယ်လူတာဒေတာ ( Cellular Data ) တင်မက 3G Network မှာလဲ သုံးစွဲရလွယ်ကူပါတယ် ၊ သွားလာလှုပ်ရှားရင်း ငွေကြေးကိစ္စများကိုဆောင်ရွက်နိုင်ပြီး အချိန်နဲ့အညီသိရှိနိုင်အောင် ဖုန်းရဲ့သတိပေးစင်တာ ( Notification Center ) မှာ ငွေဝင်ငွေထွက်တွေကို အချက်ပေးနိုင်အောင် ချိန်ထားလို့ရပါတယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်များ ။


ကိုညီညီ-တောင်ကြီး

No comments:

Post a Comment